ဟိုး....အဝေးကြီးဆီကနေလာခဲ့ရတဲ့
ငါတို့ဘ၀တွေပြေးပြေးလွှားလွှားလေးပဲမောပန်းခဲ့ကြတာ
ဒီလိုနဲ့
ရောင်နီလေးပြူလိုက် ဖျော့လိုက်နဲ့ပေါ့........။
နွမ်းလျတဲ့မျှော်လင့်မှုက
ညှင်ညှင်သာသာတောင်းဆိုကြည့်မိတဲ့အခါ
ဘ၀မှာ
သံယောဇဉ်ကင်းမဲ့တဲ့သက်ပြင်းတွေ
ခဏခဏချတက်ရလွန်းလို့
ကိုထီးရဲ့"ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံလေးပြန်အမှတ်ရမိရဲ့..........။
အခုဆို
ငါတို့ကိုယ်တိုင်ကိုယ်ကျ
ရောက်ရှိနေတဲ့ဘ၀မှာ
ဆေးကုသခွင့် မရတော့တဲ့ ရောဂါဆန်းဆန်းလေး
ပိုင်ဆိုင်ထားတက်ခဲ့ကြပြီလေ..........။
တကယ့်ကို
တွေးတောကြည့်မိလိုက်တော့
အတ္တမိုးတွေထူထပ်နေတဲ့
ဒီဝန်းကျင်အိုလေးထဲ
ရီဝေတုံဆိုင်းနေတက်ခဲ့တဲ့
ငါတို့ခြေလှမ်းတိုင်းဟာ
သူ့ အလိုတော်အတိုင်း
သွေးဆောင်ဖြားယောင်းခြင်း ခံနေခဲ့ရတယ်...............။
တကယ်ဆို.....
ငါတို့ သိနေ ကြားနေ မြင်နေခဲ့ကြတဲ့
နေ့တစ်နေ့ရဲ့ ဝေးကွာမှုဆီမှာ
ညဥ့်နက်နက်တွေက ဘ၀တွေကို နာတာရှည် ခဲ့ရပြန်တယ်လေ......။
တဖြည်းဖြည်းနဲ့
နာရီတွေ အိုမင်းလို့
ရာသီခွင်တွေ အခါအခွင့်ကင်းမဲ့လာလိုက်တာ
ငါတို့သိတဲ့အမှန်တရားက
ဟိုး.......အဝေးဆီကို ပျံသန်းနေရတုန်းပဲလေ................။ ။
ရန်ငြိမ်းသူ.......
(၂၀၁၁။ ဒီဇင်ဘာလထုတ် ရနံ့သစ်မဂ္ဂဖင်းတွင် ဖော်ပြခြင်းခံရသော ကဗျာဖြစ်သည်)
0 comments:
Post a Comment