ရွေးကောက်ပွဲရလဒ်ကို လက်မခံရန် ဂျပန်အစိုးရကို တိုက်တွန်း
အေးနိုင် ၈ အောက်တိုဘာ ၂၀၁၀ (ဒီဗွီဘီ)
၂၀၁၀ ရွေးကောက်ပွဲနဲ့ ရလဒ်ကိုလက်ခံရင် ဗုဒ္ဓဘာသာမှေးမှိန်လိမ့်မယ်လို့ ဂျပန်နိုင်ငံရောက် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် သံဃာတော်တပါးဖြစ်တဲ့ အရှင်ထာဝရက ရှင်းလင်း မိန့်ကြားပါတယ်။ ဂျပန်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာဦးဆောင်ပြီး တိုကျိုမြို့က ဂျပန်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအသင်းချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ မိန့်ကြားတာ ဖြစ်ပါတယ်။ အရှင်ထာဝရက သတင်းစာရှင်းလင်းပွဲမှာ မိန့်ကြားချက်အနှစ်ချုပ်ကို ခုလို မိန့်ပါတယ်။
“အဓိကအားဖြင့်တော့ ဦးဇင်းတို့က ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာပြည်သူလူထုအတွက် ဘာအကျိုးမှ မရှိတဲ့အတွက်ကြောင့်မို့လို့ ဒီရွေးကောက်ပွဲက တရားမျှတတဲ့ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲတခု မဖြစ်နိုင်ဘူးပေါ့နော်။ ဒါကြောင့်မို့လို့ ဒီနိုင်ငံမှာရှိနေတဲ့ အဖွဲ့အစည်းတွေရော၊ ဂျပန်ပြည်သူလူထုတွေလည်း သိအောင်၊ နောက် အစိုးရပိုင်းကနေ ၀ိုင်းဝန်းကန့်ကွက် ရှုံ့ချပေးဖို့အတွက်ကိုပေါ့နော် ဦးဇင်းတို့ အဓိက ပြုလိုက်တာပါ။ ဒီ ၂၀၁၀ ရွေးကောက်ပွဲကနေပြီးတော့ ဦးဇင်းတို့ သံဃာတွေအတွက်က လွတ်လပ်ခွင့် တခုမှမမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နအဖ အစိုးရကနေပြီးတော့ ဒီ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ အတောအတွင်းမှာ ရဟန်းသံဃာတွေကို ဆက်လက်ဖမ်းဆီးနေဆဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီရွေးကောက်ပွဲက လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲတပွဲ ဖြစ်ဖို့လည်း မလွယ်ဘူး။ နောက်ပြီးတော့ သာသနာဟာ နအဖလက်ထက်မှာတော့ ပျက်ဖို့ပဲမြင်တယ်။ ကောင်းလာဖို့ ဦးဇင်းအနေနဲ့ မမြင်ဘူး။” တက်ရောက်လာကြတဲ့ ဂျပန်ဘာသာရေးခေါင်းဆောင်တွေက မြန်မာပြည်က ဖိနှိပ်မှု အခြေအနေတွေကို ဂျပန်ပြည်သူတွေ ပိုမိုသိရှိအောင် ရှင်းပြပေးသွားကြမယ်လို့ ဆိုပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသူတဦးဖြစ်တဲ့ မြန်မာ့ရေးရာရုံး (ဂျပန်) ညွှန်ကြားရေးမှူး ဒေါက်တာမင်းညိုကလည်း သူ့ရှင်းလင်းပြချက် တပိုင်းတစကို ခုလို ပြောဆိုပါတယ်။
“၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲက ဗမာပြည်ရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက်လည်း နည်းလမ်း မဟုတ်ဘူး။ ဒီမိုကရေစီကိုသွားတဲ့ နည်းလမ်းလည်း မဟုတ်ဘူး။ စစ်ခေါင်းဆောင်တွေက အရပ်သားဝတ်ပြီးတော့ စစ်အာဏာရှင်စနစ်ကို ဆက်လက်ပြီးတော့ တည်ဆောက်အောင် လုပ်သွားမယ့် လမ်းစဉ်ဖြစ်တာကြောင့်မို့ ဒါကို ဂျပန်ပြည်သူတွေကလည်း သဘောပေါက်ပြီးတော့ လက်ခံပေးဖို့ဆိုတာ။”
၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံဖို့ ဂျပန်ပြည်သူတွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

0 comments:
Post a Comment