Friday 23 March 2012

သတင်းမီဒိယာခေတ်နှင့်တကိုယ်တော်စိတ်




တကိုယ်တော်စိတ်ဖြင့်

ပြည်သူလူထုက အကယ်၍သာ

သူအပြစ်နှင့်သူပဲ၊ငါ့ကောင်းလျှင်ပြီးရော“

ဟူသော

တကိုယ်ကောင်းစိတ်ဖြင့်

အမိ နိုင်ငံတော်ကို မထောက်ညှာဘဲ

မိမိကိုယ်ကိုသာ

ငဲ့ညှာနေကြမည်ဆိုပါလျှင်

ဦးဇင်းတို့၏နိုင်ငံတော်သည်

ကမ္ဘာ့ပြေပုံမှ

မကြာမီ

ပျောက်ကွယ်သွားရပေးတော့မည်

အမှန်းပါတည်း

ယနေ့ခေတ်ကာလသည် သတင်းမီဒီယာခေတ်ဖြစ်သည်နှင့်အညီ သတင်းမီဒီယာ၏ အကူအညီဖြင့် ထင်ပေါ်လိုသူများက သတင်းမီဒီယာကို အသုံးချကာ ထင်ပေါ်အောင် ကျော်ကြားအောင် ကြိုးစားကြသည်။ နာမည်ကြီးနေကြသူတွေရှိသလို ကြိုးစားသလောက် ခရီးမပေါက်ကြသူတွေလည်း ရှိပါသည်။ မည်သို့ပင်ဖြစ်စေ ကျော်သလောက် တော်နေကြ ရင် အလွန်သင့်မြတ်ပါပေသည်။ တစ်ချို့ကတော့ ကျော်သလောက်တော်သည်မဟုတ်ကြပါ။ သတင်းမီဒီယာ၏ စွမ်းအားကြောင့်သာ ကျော်ချင်တိုင်းကျော်နေကြသော်လည်း တကယ့်အရည်အချင်းကတော့ ကင်းမဲ့နေ ကြသူတွေလည်း ရှိကြပါသည်။ အပြောနှင့်အလုပ်ညီနေတဲ့ ပုဂ္ဂိုလ်များဖြစ်ဖို့ အလွန်အရေးကြီးလွန်းလှပါသည်။



အဘယ့်ကြောင့် အပြောနှင့်အလုပ်ညီတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ဖို့လိုအပ်ပါနည်း။ လူတိုင်းလူတိုင်းက တန်ခိုးစည်းစိမ် ဂုဏ်သိမ်ရှိသူကိုသာ အထင်ကြီးသည်။ ကြည်ညိုလေးစာသည် တန်ခိုးစည်းစိမ် ဂုဏ်သိမ်ကင်းနေသူကို မည်မျှတော်စေကာမူ အထင်မကြီးချင်ကြပါ။ မလေးစားချင်ကြပါ။ တန်ခိုးစည်းစိမ် ဂုဏ်သိမ်ရှိသူတို့ကိုကား မသင့်တော်တာတွေကို လုပ်ဆောင်နေလျှင်တောင် ကျန်ကျန်ဖန်ဖန် အထင်တကြီး ချီးကျူးတတ်ကြသည်လောကကြီးမှာ။ ဂုဏ်ကိုမက်သူများ ဂုဏ်ကို အထင်ကြီးသူတွေ များလာသည့်အတွက် မသမာသူအချို့က ဂုဏ်နောက်ကိုသာ သည်းသည်းမည်းမည်း လိုက်နေကြသည်။ ဂုဏ်ထူး ဘွဲ့ထူးရဖို့အတွက် မှန်ကန်သော နည်းလမ်းနှင့်မရသည့်အခါ မမှန်ကန်သောနည်း၊ ကလိန်ကကျစ်နည်းစနစ်များကိုသုံးကာ ဂုဏ်ကို မတရားသောနည်းဖြင့် ရအောင်ကြံဆောင်နေကြသည် ဒီနေ သတင်းမီဒီယာလောကကြီးက ရုပ်ထွေးပွေးလီလှပါတယ်။



ဦးဇင်းဗုဒ္ဓ မြတ်စွာဘုရားရှင်က ရဟန်းတော်များ တန်ခိုးမပြရ။ တန်ခိုးပြသော ရဟန်း ဒုက္ကဋ်အာပတ်သင့်စေဟု တားမြစ်တော်မူပါသည်။ အဘယ့်ကြောင့် မြတ်စွာဘု ရားက တန်ခိုးပြခွင့်ကို ပိတ်ပင်ခဲ့ပါသနည်း။ မြေလျှိုးမိုးပျံ တန်ခိုးဈာန်များဖြင့် အံ့သြဘွယ်ကောင်းသော ရဟန်းတော်များကြောင့် သာသနာတော်ကို အထင်ကြီး လေးစားကြသူတွေ များသည်ထက်များလာနိုင် သည်မဟုတ်ပါလော ဟု စောဒကတက်ဘွယ်ရှိပါသည်။ဗုဒ္ဓ မြတ်စွာဘုရားရှင်က အနာဂါတ်သာသနာတော်အရေးကို ကြိုတင်တွေးဆကာ တန်ခိုးပြခွင့် ပိတ်ပင်တားမြစ်တော်မူခဲ့ခြင်းဖြစ်ပါသည်။ အဘယ့်ကြောင့် ပါနည်း။ဗုဒ္ဓ မြတ်စွာဘုရားရှင်က တန်ခိုးပြခွင့်ကို မပိတ်ပင်မတားမြစ်ခဲ့ပါက အထင်ကြီးခံလိုသော ဘုန်းကြီးလိုသော နောင်လာနောက်သား ရဟန်းတော်များက သာသနာတော်၏ အနှစ်သာရ သီလ သမာဓိ ပညာ သိက္ခာသုံးပါးမြတ်တရားများထက် တန်းခိုးကြီးဖို့ကိုသာ အလေးထားကြတော့မည်။ မြေလျှိုးမိုးပျံ တန်ခိုးဈာန်ရရှိရေးကိုသာ တစ်စိုက်မတ်မတ် ကြိုးစားကြတော့မည်။ သမထကျင့်စဉ်နည်းလမ်းများဖြင့် မရလျှင် ဂန္ဓာရီအတတ်၊ အင်းအိုင်လက်ဖွဲ့အတတ်၊ မှော်အတတ်၊ မျက်လှည့်အတတ် စသော သာသနာတော်နှင့် ဆန့်ကျင်သော မိစ္ဆာလမ်းစဉ်များကို ကျင့်ကြံကြတော့မည်။ တရားသောနည်းဖြင့်မရလျှင် မတ ရားသောနည်းဖြင့် လူအများအံ့သြအောင် လိမ်လည်လှည့်ဖြားကြတော့မည်။ ထိုအခါတွင် တကယ့်တရားစစ် တရားမှန်ကို ရိုးရိုးကုတ်ကုတ် ကျင့်ကြံအားထုတ်ကြသော ရဟန်းတော်များကို မည်သူကမျှ ကြည် ညိုရကောင်းမှန်း သိကြတော့မည်မဟုတ်ချေ။ ဘုရားဟောတော်မူသည့်အတိုင်း ကျင့်ကြံနေထိုင်တော်မူကြသော ရဟန်းတော်များ ကွယ်ပသွားသည်နှင့် သာသနာတော်ကြီးလည်း အလွန်တိုတောင်းသော ကာလအတွင်းမှာပင် ကွယ်ပသွားလိမ့်မည်ကို မြင်တော်မူသည့်အတွက် တန်ခိုးပြသခွင့်ကို ပိတ်ပင်တားမြစ်တော်မူခဲ့ခြင်းဖြစ်ပါသည်။

တန်ခိုးပြခွင့်ပိတ်ပင်တားမြစ်ထား၍ တန်ခိုးပြမှုမရှိကြသော်လည်း ယနေ့ခေတ်ကာလ၌ ဘွဲ့ထူးဂုဏ်ထူးများကိုပြသလျှက် ဘုန်းကြီးအောင် လာဘ်လာဘပေါများအောင်ဆောင်ရွက်နေကြသောပုဂ္ဂိုလ်များ လည်း ရှိနေပါသည်။ လူတိုင်းလူတိုင်းက ဂုဏ်ပကာသနကို သိပ်မက်မောလွန်း အထင်ကြီးကြလွန်းသဖြင့် ဂုဏ်ပကာသနတို့ဖြင့် လှည့်ပတ်ဖြားယောင်းနေကြသူများလည်းရှိသည်။ အစစ်အမှန် ဂုဏ်ထူးဘွဲ့ ထူးရရှိသူများကို မဆိုလိုပါ။ အတတ်ပညာဖြင့် မရှိသောဂုဏ်ကို ရှိလေဟန် ဖန်တီးလိမ်ညာ၍ ဘုန်းကြီးအောင် ထင်ပေါ်ကျော်ကြားအောင် လုပ်ဆောင်နေကြသူများကြောင့် ဦးဇင်းတို့သာသနာ တော်ကြီး အစွန်းအထင်းများ အညစ်အကြေးများ ပေကြံခဲ့ရသော သာဓက များစွာရှိခဲ့ဘူးပါသည်။ ဘုန်းကြီးသူများ ထင်ပေါ်ကျော်ကြားသူများပြောလျှင် အကောင်းအဆိုး အမှားအမှန် မခွဲခြားမဝေဖန်ဘဲ အ ဟုတ်ထင်နေကြသည်။ ဓမ္မ၀ါဒီရဟန်းတော်များ၊လူပညာရှင်များက တရားနှင့်လျှော်ညီစွာ လွဲမှားနေသော အချက်ကို ထောက်ပြလျှက် ထင်ပေါ်ကျော်ကြားနေသော ထိုပုဂ္ဂိုလ်အား ခေါ်ယူစစ်ဆေးသည့်အခါ ထိုသူ၏ အတွင်းသရုပ် အပုတ်နံ့များ ထောင်းထောင်းထလာပါသည်။ ထိုအခါကျမှ ဗုဒ္ဓမြတ်စွာ၏ တပည့်သာဝကများက သည်လိုပဲလားဟု သိမ်းကျုံးအထင်သေးသွားကြပြန်ပါသည်။ နဂိုကတော့ ကိုယ်ကြည် ညိုလေးစားသော ပုဂ္ဂိုလ်၏ ကိုယ်ကျင့်စာရိတ္တ စိတ်နေစိတ်ထားကို သေသေချာချာ မလေ့လာပဲ ထိုပုဂ္ဂိုလ်၏ အကျင့်စရိုက်ဆိုးများကို သိရှိလာရသည့်အခါ အခြားသော ဖြူစင်မြင့်မြတ်သူ ရဟန်းသံဃာတော် များကိုပါ သိမ်းကျုံးအထင်သေးသွားတက်ပါသည်။

လောကမှာ တက်သိတဲ့သူများတယ်၊ သိတက်တဲ့သူရှားတယ် ဆရာကြီးဦးသုခ

မြတ်စွာဘုရားရှင်က ဓမ္မကို အဓမ္မဟူ၍လည်းကောင်း၊ အဓမ္မကို ဓမ္မဟူ၍လည်းကောင်း၊ ၀ိနယကို အ၀ိနယဟူ၍လည်းကောင်း၊ အ၀ိနယကို ၀ိနယဟူ၍လည်းကောင်း၊ ဘုရားဟောတရားတော်ကို ဘုရားဟောတရားမဟုတ်ဟူ၍လည်းကောင်း၊ ဘုရားဟောတရားမဟုတ်သည်ကို ဘုရားဟောတရားဟူ၍ လည်းကောင်း ဟောပြောပြသဆုံးမကြသောသူများသည် လူတို့၏ အစီးအပွားမဲ့ခြင်းငှါ၊ ချမ်းသာမဲ့ခြင်းငှါ၊ အကျိုးမဲ့ခြင်းငှါ ဆောင်ရွက်နေသူ၊ အကုသိုလ်တရားတိုးပွားစေသူ၊ သာသနာတော်ကွယ်ပျောက်စေ သူမည်၏ဟု ညွှန်ပြတော်မူပါသည်။ ယင်းသို့ သာသနာတော်ကို နည်းအမျိုးမျိုးဖြင့် ဖျက်ဆီး၍ ကိုယ့်တစ်ဘ၀တာ ကောင်းစားရေးအတွက်၊ဘုန်းကြီးရေးအတွက် လုပ်ဆောင်နေကြသူများသည် မြတ်စွာဘုရား အလိုတော်နှင့် ကိုက်ညီပါသလား။ ကိုယ်ပိုင် အသိဉာဏ်ဖြင့် ဆန်းစစ်ဝေဖန်ကြဖို့လိုပါသည်။ သဒ္ဓါလွန်ကဲ ပညာမွဲ အလွဲယုံတတ်သည် ဆိုသည့်အတိုင်း ဉာဏ်မြင်ကန်း၍ အရမ်းယုံကြည်ဆည်းကပ်တတ်သူ များ၏ သဒ္ဓါတရားလွန်ကဲမှုကြောင့် အလွဲလွဲအမှားမှား ယုံကြည်မှုများဖြင့် အမှားဝင်္ကဘာထဲတွင် ချာချာလည်နေတတ်ပါသည်။ ပညာလွန်ကဲ သဒ္ဓါမွဲ စဉ်းလဲကောက်ကျစ်သည် ဆိုသည့်အတိုင်း လာဘ်လာဘ ကိုလိုချင်တပ်မက်လွန်းသော လောဘတဏှကြောင့် သဒ္ဓါတရားမွဲပါသည်။ ထိုသူက ပညာလွန်ကဲနေလျှင် ထိုပညာဖြင့်ပင် လူတို့အားလှည့်ဖြား၍ မိမိထင်ပေါ်ကျော်ကြား လာဘ်လာဘများအောင် ကလိန် ဉာဏ်ဆင်ပါတော့သည်။ ဘုရားဟောတရားမဟုတ်သည်ကို ဘုရားဟောတရားဟူ၍လည်းကောင်း၊ ဘုရားဟောတရားကို ဘုရားဟောတရားမဟုတ်ဟူ၍လည်းကောင်း လိမ်ညာပါတော့သည်။ သာသနာ တော်ကြီးကို အသုံးချ သာသနာတော်ကို ဗန်းပြကာ ကိုယ်ကျိုးစီးပွားရှာကာ သာသနာ့ဝန်ကိုစီးပါတော့သည်။ စဉ်းလဲကောက်ကျစ်သော လူမိုက်များ ပညာလေး မတောက်တခေါက်တတ်သွားပါက မြင်းကိုချို တပ်ပေးသလို မိုက်ချင်တိုင်းမိုက် ရိုင်းချင်တိုင်းရိုင်းပါလေတော့သည်။ မိမိတွင် အညစ်အကြေး အပြစ်ဘေးများရှိသော်လည်း ဖြူစင်သန့်ရှင်းသူကဲ့သို့ပင် ပိပိရိရိ နေတတ်ထိုင်တတ်လေသည်။ မိမိကို အဓမ္မ၀ါဒီ တို့ဖြင့် စွပ်စွဲပြောဆိုလာသော ပညာရှိများကိုလည်း မိမိတတ်သိထားသော ကျန်းဂန်အထောက်အထားများဖြင့် ပြန်လည်ချေပငြင်းဆိုတတ်လေသည်။ ထိုသို့ဖြင့် ကောက်ကျစ်စဉ်းလဲစွာ သာသနာတော်ကို အသုံးချ ခုတုံးလုပ်ကာ တစ်ဘ၀တာကောင်းစားရေးအတွက်ကိုသာ လုပ်ဆောင်နေကြသူများကြောင့် သာသနာတော်၏ အနှစ်သာရကို မသိကြသော ဒကာဒကာမများမှာ အလွန်နစ်နာကြရပါသည်။ ပင်ပင် ပန်းပန်း ရှာဖွေစုဆောင်းထားသမျှ စည်းစိမ်ဥစ္စာများကိုလည်း လှူဒါန်းရသည်။ စဉ်းလဲကောက်ကျစ်သော ဆရာသမားဆိုးကို ဆည်းကပ်ရ၍ မှားယွင်းသော အကျင့်ဆိုးများကြောင့် အပါယ်ဘေးနှင့်လည်း ရင် ဆိုင်တွေ့ရသည်။ ထိုဒကာ ဒကာမမျိုးသည် မိအေးနှစ်ခါနာဆိုသကဲ့သို့ ဖြစ်ကြရရှာပါသည်။ ထို့ကြောင့် အတုအယောင်ဂုဏ်ပကာသနကို အထင်ကြီးတတ်သူများ၊ အတုအယောင်ဂုဏ်ပကာသနများဖြင့်လိမ် လည်တတ်သူများအားလုံး လက်ရှိဘ၀မှာ ကောင်းစားနေသော်လည်း ဘ၀သံသရာတွင် ဆင်းရဲတွင်းနစ်ကြမည်အရေးကို မျှော်တွေးသင့်လှပါသည်။

ထို့ကြောင့် တစ်ဘ၀တာကောင်စားရေးအတွက် နာမည်ကြီးအောင်၊ထင်ပေါ်အောင် တရားသောနည်းဖြင့်မရလျှင် မတရား သောနည်းများဖြင့်လိမ်လည်လှည့်ဖြား၍ လုပ်စားနေကြသူများ တန်ခိုးစည်းစိမ် ဂုဏ်သိမ်၏ မတည်မြဲသော သဘောကိုသတိသံဝေဂဉာဏ်ဖြင့် ဆင်ခြင်နိုင်ကြပါစေ။ စစ်မှန်သော သီလ သမာဓိ ပညာ သိက္ခာသုံးပါး အကျင့်တရားကို ကြည်ညိုလေးစားရကောင်းမှန်းမသိဘဲ တန်ခိုးစည်းစိမ် ဂုဏ်သိမ်ရှိသူများကိုသာ အထင်ကြီးလေးစားကြည်ညိုကြသူများလည်း ဆင်ခြင်တုံတရားလက်ကိုင်ထား၍ ဘုရား သာသနာတော်၏ လိုအပ်ချက်များကို ဖြည့်စွမ်းလျှက် ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေကြောင်း ကောင်းကျိုးလိုလား မေတ္တာတရားဖြင့် တိုက်တွန်းနိုးဆော်အပ်ပါသည်။

စာရေးသူ ဖျာပုံ နဒီ

၁၃-၁၁-၂၀၁၁

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။