Saturday, 12 May 2012

တာစန်း ရေကာတာ (Tasang Dam)

တာစန်း ရေကာတာ (Tasang Dam)


Tasang Dam

တာစန်းရေကာတာသည် သံလွင်မြစ်ပေါ်တွင်တည်ဆောက်သွားမည့် ရေကာတာစီမံကိန်း ၅- ခုအနက်အကြီးဆုံးဖြစ်ပါသည်။ ရေကာတာအမြင့် (၂၂၈- မီတာ)သည် အရှေ့တောင် အာရှတွင် အမြင့်ဆုံးဖြစ်ပြီး၊ တရုတ်နိုင်ငံရှိသရီးဂေါ့(ဂျ) (Three Georges Dam) ထက်ပို၍ မြင့်ပါမည်။စစ်အစိုးရသည် ထိုင်းနိုင်ငံ MDX ကုမ္ပဏီနှင့်သဘောတူညီမှုများ ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံ China Gezhouba Group Co. သည် MDX - နှင့် မပြေလည်မှုများရှိခဲ့သော်လည်း၊ ၂၀၀၇ - နှစ်ဦးပိုင်းတွင် တာစန်းရေကာတာဆောက်လုပ် ရေးအတွက် ကန်ထရိုက်ရခဲ့သည်။


Thanlwin

ဤစီမံကိန်းတွင်ပါဝင်သော အခြားကုမ္ပဏီနှင့် အဖွဲ့အစည်းများမှာ

Sinohydro,
China Southern Power Grid Co. နှင့်
China Three Gorges Project Corporation တို့ဖြစ်ကြပါသည်။

ရေကာတာအမြင့်  -           ၂၂၈ - မီတာ
စွမ်းအင်              -           ၇၁၁၀ MW
နှစ်စဉ်                -           ၃၅၄၄၆ Ghw

ပါဝင်သောကုမ္ပဏီများ

            မြန်မာ - မြန်မာ့လျှပ်စစ်လုပ်ငန်း
            ထိုင်း  - MDX Group
            တရုတ် -China Gezhouba Group Co.
                        Sinohydro Corporation
                        China Southern Power Grid Co.
                        China Three Gorges Project Corporation
                        Changjiang Survey, Planning Design & Research Co.,Ltd
            ဗြိတိသျှ - Malcolm Dunstan & Associates


Tasang Map

ကုန်ကျစရိတ်ခန့်မှန်းခြေ

တာစန်းရေကာတာအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ - ၆ ဘီလီယံ ($US 6,000,000,000) ဖြစ်သည်။ သို့သော်ကုန်ကျစရိတ်သည် ခန့်မှန်းချက် ထက်များစွာပို၍ ကုန်ကျမည်ဟု ကျွမ်းကျင်သူများကပြောပါသည်။ နှစ်စဉ်ထွက်နိုင်မည့် လျှပ်စစ်စွမ်းအင်နှင့် ၀ယ်ယူမှုအပေါ်အခြေခံ၍ အကျိုးအမြတ်များကိုတွက်ချက်ရမည် ဖြစ်သည်။ လျှပ်စစ်အရောင်းအ၀ယ်စာချုပ်ကို မကြာခင်ချုပ်ဆိုမည်ဖြစ်ပါသည်။
တာစန်းရေကာတာမှ ထုတ်လုပ်သောလျှပ်စစ်များကို မည်သည့်အတွက်ရည်ရွယ်သနည်း။
ထွက်သမျှလျှပ်စစ်ကို ထိုင်းနိုင်ငံသို့ရောင်းပါမည်။ တရုတ်ကထိုင်းထံမှ ဝေစုရရန်ကြိုးပမ်း နေပါသည်။

၂၀၀၈ - ခုနှစ်ထိ စီမံကိန်းအခြေအနေ

၂၀၀၇ - ခုနှစ် မေလတွင် အုတ်မြစ်ချပွဲကို China Gexhouba Group နှင့် MDX တို့မှပြုလုပ်ခဲ့သည်။ ရေကာတာတည်ဆောက်မည့် ပတ်ဝန်းကျင်တွင်နေထိုင်ကြ သောရွာများသည် ရေကာတာကြောင့်ဖြစ်လာနိုင်သောရေကြီးမှုနှင့် အခြားဘေး အန္တရာယ်များကို ကြိုတင်သတိပေးမှုလည်းမရခဲ့ကြပါ။ ရွာသူရွာသားများကို ရွာများမှ အတင်းအဓမ္မမောင်းနှင်ထုတ်ခဲ့ကြသည်။ ရွာများအနေနှင့် မည်သို့မျှ ဆန့်ကျင်တုံ့ပြန် ပြောဆိုခွင့်လည်း မရကြပါ။


ထွက်တဲ့ လျှပ်စစ်ကို ဒီလိုရောင်းကြမှာလေ....

အကျိုးသက်ရောက်မှုများ…

တာစန်းရေကာတာတည်ဆောက်နေသည့်နေရာသည် ရှမ်းတိုင်းရင်းသားထောင်ပေါင်း များစွာမှီတင်းနေထိုင်ကြပြီး၊ မကြာခဏဆိုသလို စစ်အစိုးရတပ်နှင့် ရှမ်းစစ်တပ်များ တိုက်ပွဲများဖြစ်နေပါသည်။ ဆည်ဆောက်မည့်နေရာတွင် နေထိုင်သူများမှာ အတင်းအကျပ်မောင်းထုတ်ခံခဲ့ရသည်။ ၁၉၉၆ - တွင်လူဦးရေ ၃၀၀ ၀၀၀ (သုံးသိန်း) တို့သည် ရွာများမှ မောင်းထုတ်ခံခဲ့ရသည်။

၂၀၀၇ - တွင်စစ်တပ်သည် ၀န်မိုင်ရွာ (Wan Mai) နှင့် မန်တုံမြို့နယ် (Mong Ton Township) တို့ကို MDX သို့ ဆည်ဆောက်လုပ်ရေးအတွက် ရုံးများ၊ ဌာနများ ဆောက်လုပ်ရန် လွှဲပြောင်းပေးအပ်ခဲ့သည်။ အုတ်မြစ်ချပွဲအတွက် ရွာသူရွာသား ၄၀၀ ကျော်ကိုပေါ်တာဆွဲ၍ ခိုင်းခဲ့ကြသည်။ တာစန်းရေကာတာ တည်ဆောက်သည့်နေရာ ပတ်ဝန်းကျင်သည် မြေနိမ့်ပိုင်းလွင်ပြင်ဖြစ်၍ ရေလွှမ်းမိုးခြင်း၊ ရေကြီးခြင်းများဖြစ်လာ နိုင်ပါသည်။ မြေနိမ့်လွင်ပြင်သည် တရုတ်နိုင်ငံနယ်စပ်ထိ ကျယ်ပြန့်ပြီး၊ ထိုလွင်ပြင်တွင် နေထိုင်ကြသောသူများသည် တာစန်းရေကာတာကြောင့် ဆိုးကျိုးအန္တရာယ်များစွာ ရှိလာပါမည်။

သံလွင်မြစ်သည် အရှေ့တောင်အာရှတွင်အရှည်လျားဆုံးမြစ်တစ်စင်းဖြစ်ပါသည်။ စစ်အစိုးရဖြစ်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၇ -ခုနှစ်တွင် ထိုင်းအစိုးရ၊ ထိုင်းနိုင်ငံလျှပ်စစ်ထုတ်လုပ်ရေးအခွင့်အာဏာရှိသူများနှင့် ဆွေးနွေးပြီး၊ သံလွင်မြစ်ပေါ်တွင် ကြီးမားသော ဆည်ကြီး ၅ -ခုဆောက်လုပ်ရန် လျှို့ဝှက်သဘောတူညီခဲ့သည်။ ဆောက်လုပ်မည့်နေရာများမှာ

၁ - HAT GYI (ကရင်ပြည်နယ်)
၂ - TA SANG (ရှမ်းပြည်နယ်)
၃ -  WEI GYI (ကယားပြည်နယ်)
၎ - DAGWIN (ကယားပြည်နယ်)
၅ - Upper Thanlwin/ Kun Long (ရှမ်းပြည်နယ်)

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့်ရေကာတာများကြောင့် မြစ်၏ဂေဟဗေဒစနစ် ပျက်စီးခြင်း၊ မြစ်ကမ်းတစ်လျှောက်မြစ်ကိုမှီ၍ အသက်မွေးဝမ်းကျောင်းနေရသော လူတို့ စီးပွားပျက်ကာမွဲတေနေကြပါပြီ။ နေစရာပြန်မရ၊ မည်သည့်လျော်ကြေးမှ ပြန်မရခြင်း၊ မောင်းထုတ်ခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ပစ်သတ်ခံရခြင်းများကြောင့် လူများစွာတို့မှာ ထိုင်းနိုင်ငံဒုက္ခသည်စခန်းများသို့ ပြေးဝင် ခိုလုံခဲ့ရသည်။

တာစန်းရေကာတာသည် ဧရိယာအလွန်ကြီးမားသောကြောင့် လွင်ပြင်နှင့်စိုက်ပျိုးမြေများစွာတို့ပျောက်ကွယ် သွားမည်အပြင်၊ ဥယျာဉ်ခြံမြေများလည်း ပျက်စီးဆုံးရှုံးပါမည်။ ရှမ်းပြည်နယ်တွင် ဆေးဘက်ဝင်အပင်များစွာ သဘာဝအလျှောက်ပေါက်ရောက်လျက်ရှိသော လွင်ပြင်ကြီးမှာ တာစန်းရေကာတာဆောက်လုပ်နေသည့်အတွက် မကြာမီ မည်သည့် ဆေးဘက်ဝင်အပင်မျိုးမှ ရှင်သန်ပေါက်ရောက်တော့မည် မဟုတ်ပါ…။


တာစန်းနှင့် ပတ်ဝန်းကျင်က တန်ဖိုးကြီးတဲ့ သစ်တောတွေ..

အနီးအနားရွာနှင့် မြို့များမှာ အတင်းအဓမ္မပေါ်တာဆွဲခံနေကြရပြီး၊ ဆည်များတွင် အခိုင်းခံနေရပါသည်။ တာစန်းရေကာတာတည်ဆောက်နေသည့် နေရာနှင့်ပတ်ဝန်းကျင်တွင် ယခင်ကျွန်းသစ်တော များစွာရှိခဲ့သည်။ စစ်အစိုးရက အားလုံးကို ခုတ်ထစ်၊ အမြစ်ပါတူး၍ ရောင်းစားပြီးပါပြီ။

စစ်အာဏာရှင်လက်တစ်ဆုပ်စာနှင့် လက်ဝေခံလူတစ်စုတို့သည် ဒေါ်လာဘီလီယံပေါင်းများစွာအကျိုး အမြတ်အတွက် မြန်မာနိုင်ငံကိုထုခွဲရောင်းချနေသည်မှာ ကြာခဲ့ပါပြီ…။

သံလွင်မြစ်ရေကာတာများကြောင့် မြစ်အောက်ပိုင်းတွင်နေထိုင်သူများအတွက်လည်း ဆိုးကျိုးများစွာ သက်ရောက်စေပါမည်။
ကျနော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတို့၏ အသက်ပေါင်းများစွာ…၊ မျိုးစိတ်များ၊ ငါးမျိုးစိတ်များ..၊ ရှားပါးဇီဝနှင့် ရုက္ခမျိုးစိတ်များ..၊ စိုက်ပျိုးမြေများ..၊ သစ်တောနှင့် သဘာဝတောတောင် သံယံဇာတများ..၊ မြစ်လက်တက်ချောင်းလက်တက်များ…၊ … စသည့်မရေမတွက်နိုင်တဲ့ အဖိုးတန်အမွေအနှစ်တွေ…. သူများနိုင်ငံလျှပ်စစ်မီးထိန်ထိန် လင်းပြီး…၊ စွမ်းအင်လုံလောက်ဖို့အတွက် ပေးဆပ်နေရဦးမှာ…လား….။


Myanmar's Thanlwin


Road from Tasang


Natural Beauty of Our Mother's Land River!!!

ဆက်လက်ဖော်ပြပါမည်…။

နွားကျောင်းသား (Friend Ever)

Ref: www.salweenwatch.org

0 comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့ပါ။