Saturday 29 December 2018

“”””””စာကြည့်တိုက်မှသည် ကောင်းမွန်သောပတ်ဝန်းကျင်ဆီသို့ “””””

“”””””စာကြည့်တိုက်မှသည် ကောင်းမွန်သောပတ်ဝန်းကျင်ဆီသို့ “””””
မိမိတို့အနေနဲ့ကျောင်းစာကြည့်ဆိုတာ ထက်ပို၍ ကောင်းသော လူထုအခြေပြု အလုပ်တွေကို တပိုင်တနိုင် လုပ်ဆောင်နိုင်ရန် ဖြစ်ပါသည်။ ကျောင်းစာကြည့်တိုက်မှာ ရပ်ရွာဖွံ့ဖြိုးရေးဆိုတဲ့ စိတ်ကူးများနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါသည်။ လူအများ မလုပ်ဆောင်နိုင်တဲ့ အလုပ်တွေကို ဒီနေရာကစပြီး လုပ်ဆောင်နိုင်ဖို့ စိတ်ကူးဆောင်ရွက် ကြတာဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီးအခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမှုလတန်းကျောင်း ကျုံပိုင်းကျေးရွာတွင် ကလေးငယ် တွေကို စာဖတ်ဖို့ထက် သူတို့မှာ ရှိနေတဲ့အသိပညာတွေကို လောကလူသားများ ကောင်းအကျိုးအတွက် အသုံးပြုနိုင်ရန် သင်ကြားပေးနေခြင်းသာဖြစ်ပါသည်။ တစ်ချို့အလှူရှင်များ၏ အလှူငွေများကို ရန်ပုံငွေအဖြစ် ထားရှိပြီးတော့ ကျောင်းရေရှည်ရပ်တည်နိုင်ရန် ဆောင်ရွက်နေကြပြီး ကျောင်းအုပ်ဆရာမကြီးနဲ့ ကျောင်းဆရာ၊ကျောင်းမများ၏ စိတ်ဓာတ်
ခွန်အားများဖြင့် မိမိတို့ဆောင်ရွက်နေကြတာပါ။ လိုအပ်ချက်များစွာကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် မိမိတို့အားလုံး အသင်းဖွဲ့အစည်းများ၊တစ်ခြားသော အလှူရှင်များနဲ့ ချိတ်ဆက်ဆောင်ရွက် နေကြတာဖြစ်ပါသည်။
ယနေ့အချိန်မှာ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမှုလတန်းကျောင်း ကျုံပိုင်းကျေးရွာတွင် ကျောင်းသား/ကျောင်းသူလေးများအား နို့သာကူဖြင့် အာဟာရကျွေးမွေးပါသည် တစ်လျှင် တစ်ကြိမ်နှုန်း ကျွေမွေးနိုင်ရန် ကြိုးစားနေပါသည်။ ကလေးများအားအာဟာရ လှူဒါန်းလိုလျှင်လည်း လက်ခံလျှက်ရှိပါသည်။ မည်သူမဆို လာရောက် လှူဒါန်း ကျွေးမွေးနိုင်ပါသည်။ အဝေးမှအလှူရှင်များအတွက် ဆက်သွယ်ရန် မိမိတို့စာသင်ကျောင်း https:// www.facebook.com/groups/745139608869833/ မှ တင်ပြထားပါသည်။
ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသော စကားကို လူငယ်များအား ဆုံးမသည့်နေရာတွင် သုံးတတ်ကြသည်။ ယနေ့ လူငယ်များသည် နောင်တချိန် လူကြီး ဖြစ်လာမည်၊ ဦးဆောင်မည့်နေရာ၊ တိုင်းပြည်၏ အနာဂတ်အတွက် အရေးပါသော နေရာများတွင် ရှေ့ဆောင်လမ်းပြ ပါဝင်ရမည် ဆိုသည့်သဘောဖြစ်သည်။
ယနေ့ လူငယ်ပီပီပြင်ပြင် မဖြစ်ခဲ့သူများသည် နောင်တချိန်လူကြီးဖြစ်ရန် မလွယ်ကူလှပါ။ လူငယ်၊ လူကြီး ဆိုသော စကားလုံးများသည် အသက်ငယ်သည်၊ အသက်ကြီးသည်ဟု ဆိုလိုခြင်းမဟုတ်။ အသက်ငယ်သော်လည်း လူငယ်စိတ်ဓာတ် မရှိသူများ၊ အသက်ကြီးသော်လည်း လူကြီးမဖြစ်သူများ များစွာ ရှိနေပါသည်။
ယနေ့လူငယ်ဖြစ်နေသူများအနေဖြင့် လူငယ်စိတ်ဓာတ်ရှိမှသာ နောင်တချိန် လူကြီးပီပီသသ ဖြစ်နိုင်ပေလိမ့်မည်။ မိမိတို့ကျုံးပိုင်းကျေးရွာက လူငယ်တွေကို စိတ်ဓာတ်ကောင်းများဖြင့် နိုင်ငံနှင့် လူသား အကျိုးဆောင်ရွက် စေချင်တဲ့စိတ်ကောင်း စေတနာကောင်းများဖြင့် တာဝန်ယူနိုင်တဲ့ လူပီသတဲ့လူငယ်များ ဖြစ်အောင် ကြိုးစား ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
မိမိတို့စာကြည့်တိုက်က ကလေးများဟာ ရဲရင့်သည်၊ အမှန်တရားကို မြတ်နိုးသည်၊ မဟုတ်မခံစိတ်ရှိသည်၊ တက်ကြွသည်၊ ကြိုးစားလိုစိတ် ရှိသည်၊ အပေါင်းအသင်းခင်မင်သည် (တနည်းဆိုရလျှင်) ရဲဘော်ရဲဘက် စိတ်ရှိသည်၊ စွမ်းအားရှိသည်၊ အပူအပင် ကင်းစွာ ပျော်ရွှင်နိုင်ကြသည်၊ သူတို့တွင် အနာဂတ် အိပ်မက်များစွာ ရှိသည်။
အနာဂတ်အတွက် အားတက်စရာ ဖြစ်သည်။ တဦးနှင့်တဦး ပြိုင်ဆိုင်ခြင်းမရှိ၊ လက်ညှိုးထိုး ပြစ်တင်ခြင်းမရှိ၊ လိုအပ်သည့်နေရာကို ဝိုင်းဝန်းအားဖြည့် ကူညီကာ ကျရာအလုပ်ကို တက်ကြွပျော်ရွှင်စွာ လုပ်ဆောင်ပေးခဲ့သော ထိုလူငယ်လေးများကြောင့် မိမိတို့ငြိမ်းချမ်းရေး စာကြည့်တိုက်ဖွင့်ပွဲလေးကို အောင်မြင် ပျော်ရွှင်စွာ ကျင်းပနိုင်ခဲ့ပါ သည်။ ထိုလူငယ်များအတွက် မိမိတို့က ဂုဏ်ယူပါသည်။
မိမိတို့ ဦးဆောင်သူများ အတွက် ငွေကြေး၊ အကျိုးအမြတ် တစုံတရာ မရပါဘဲ အများနှင့်သက်ဆိုင်သည့် အလုပ်ကို ဝိုင်းဝန်းကူညီ ပေးခြင်း၊ တဦး၏ အခက်အခဲကို တဦးက ဝင်ရောက်ကူညီဖြေရှင်း ပေးခြင်း၊ မိမိထက် အတွေ့အကြုံ ရင့်ကျက်သူတို့၏ သင်ပြ လမ်းညွှန်မှု၊ ခိုင်းစေမှုတို့ကို လိုက်နာဆောင်ရွက်ခြင်း စသည့် အလေ့အကျင့်နှင့် တဦးတည်းမဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကို ဤကဲ့သို့သော အများအကျိုးဆောင်သည့် အလုပ်များမှ လူငယ်များ သင်ယူနိုင်မည် ဖြစ်သည်။
လူငယ်ပီပီ ပျော်ရွှင်မှုကို မက်မောတတ်ကြသည်ကိုလည်း လူကြီးများက နားလည်ပေးရမည်။ ထိုပျော်ရွှင်မှုကို မှားယွင်းသော နည်းလမ်းများဖြင့် မရှာဖွေဘဲ၊ အများနှင့်အတူ အလုပ်လုပ်ရင်း၊ သူတပါးကို ကူညီကာ အများအကျိုး ဆောင်ခြင်း၊ ပြီးမြောက်သွားသော အောင်မြင်မှု လုပ်ငန်းရလဒ်တို့မှ ရလာသည့် ပျော်ရွှင်မှုနှင့် ပီတိတို့က မည်မျှ တန်ဖိုးကြီးသည်ကို လူငယ်များ သိရှိစေရန် လူကြီးများက ဖော်ပြပေးနိုင်ရမည်။
မိမိတို့စာကြည့်တိုက် တည်ထောင်သူများအနေနဲ့ လူဘ၀သက်တမ်း တစ်လျှောက်မှာ အကောင်းဆုံးတွေကို လုပ်ဆောင်နိုင်မှာကတော့ လူငယ်လို့ သတ်မှတ်ထားတဲ့ အချိန်ပါပဲ။ လူငယ်လို့ ပါးစပ်ကနေ အော်လိုက်ရရင်ကို တော်တော်လေး ခွန်အားတွေ ပြည့်လာသလိုပဲ။ လူငယ်ဆိုတဲ့ဂုဏ်ကိုတော့ အလွန်တန်ဖိုးထားတယ်။ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီးတွေရဲ့ လူငယ်ဘ၀ ဖြတ်သန်းခဲ့ကြပုံလေးတွေကိုလည်း တတ်နိုင်သလောက်တော့ လေ့လာမိတယ်။ တကယ်ကိုထွန်းပေါက် အောင်မြင်သွားကြတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အခက်အခဲ ဒုက္ခဆိုတာတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းခဲ့ကြတယ်ဆိုတာလေးတော့ တွေ့ရပါတယ်။ ဒါလေးတွေကို သာဓကပြုပြီး ယနေ့ လူငယ်တွေ လက်ဖက်ရည်ဆိုင်မှာ အချိန်တွေကို အလဟသတ် ကုန်ဆုံးနေတာ တွေ့ရလို့ မိမိဒေသက လူငယ်တွေကို စာကြည့်တိုက်မှ နိုင်ငံတော်သို့ စိတ်ကူးများနဲ့ ဆောင်ရွက်နေတာဖြစ်ပါသည်။
လူငယ်ဘ၀ အောင်မြင်ရေးအတွက် လိုက်နာရမည့်အချက် (၃)ချက်
၁။ သည်းခံ
၂။ သည်းခံ
၃။ သည်းခံ ဆိုတာပဲ ဖြစ်ပါသည်။
“လူတစ်ယောက်ဟာ တောမှာပဲမွေးမွေး၊မြို့မှာပဲကြီးကြီး၊သူဌေးသားပဲဖြစ်ဖြစ်၊ဆင်းရဲတဲ့မိသားစုက ပေါက်ဖွား
ပေါက်ဖွား သူ့မှာ ပျော်ရွှင်ခွင့် အောင်မြင်ခွင့်တွေ ရှိနေပါတယ်။ ဘယ်လိုကန့်သတ်ချက်တွေနဲ့မှပိတ်ပင်တား
ဆီးလို့မရပါဘူး။
ပူဖောင်းတစ်လုံး မိုးပေါ်ပျံနိုင်တာ အပေါ်ယံအရောင်အသွေးကြောင့်မဟုတ်ပါဘူး။ သူ့အထဲမှာ ပါတဲ့ဓာတ်ငွေ့
ကြောင့်သာဖြစ်ပါသည်။ လူတစ်ယောက် အောင်မြင်ဖို့အတွက် အပေါ်ယံကန့်သတ်ချက်တွေက အဓိက
မကျပါဘူး။ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ တစ်နေ့အောင်မြင်ရမယ်ဆိုတဲ့ မဆုတ်မနစ်ယုံကြည်မှုတို့ကသာ ဘ၀ကို တိုးတက်အောင်မြင်စေနိုင်တာဖြစ်ပါသည်။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။