သို့  ချစ်သောဧရာဝတီ အပိုင်း(၁)
အလွမ်း တစ်သက်တာအတွက်
ပန်း လက်နဲ့ ကဗျာ
ဝေဒနာ လက်ဆောင်
ရင်နာအောင် ပေးခဲ့တော့မှာလားဧရာဝတီ။
ဟိုး .. ရှေးအခါ
ဒို့ များရဲ့ ရွှေမြန်မာမြစ်ဆုံမှာ
အချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့ဖူးသတဲ့။
အင်ခိုင်ဘွန်ရဲ့ တောင်ခြေရင်းမှာ
မေခနဲ့ မလိခ
ဝေမျှတဲ့ ချစ်ခြင်း
ခြွေချတဲ့ မြစ်တစ်စင်းအဖြစ်မွေးဖွား
မြန်မာပြည်ရဲ့  အသွေးအသား
ရာဇ၀င် တေးသွားများမှာ
အမုန်းတရားနဲ့ စစ်ခင်း
နှလုံးသားရဲ့ ချစ်ခြင်းကိုသီဖွဲ့ 
ကြည်တလှဲ့ နောက်တစ်ခါ
ပြာတလှဲ့ မှုံတရီနဲ့ 
ယုံကြည်စွာ စီးဆင်း
ဧရာဝတီဟာ နဒီပီသတဲ့မြစ်တစ်စင်းပေါ့။
အထက်မြန်မာပြည်ရဲ့ ကင်းခြေများ
ကမ္ဘာကျော် အင်းဝတံတား
မဟားတယား ခွရပ်တော့
ခေါင်းကလေးငုံ့ 
ငြိမ့်ငြိမ့်ကလေးဆက်စီး
ဒုဌ၀တီလက် ဆွဲပြီး
ရှက်ပြုံးကလေး တလက်လက်နဲ့ 
ပင်လယ်ဘက် ခရီးထွက်သွားတဲ့ဧရာ။
ပု ပင်း အင်း တောင်
ညောင်ရမ်း ဘောင်
ဓါးရောင် တစ်ဖွေးဖွေး....တဲ့
အသားအရောင် တစ်သွေးတစ်မွေးနဲ့ 
ပြေးတဲ့အခါပြေး နှေးတဲ့အခါနှေး
ကွေးတဲ့အခါကွေး ဆန့် တဲ့အခါဆန့် 
လန့် တဲ့အခါလန့် ငြိမ်တဲ့အခါငြိမ်
သူရဲကောင်းတို့ရဲ့မဇ္ဇျိမ္မဓားအိမ်
နယ်ချဲ့သွေးတွေ စေးကပ်လာတဲ့အခါ
ဧရာဝတီမှာ ဆေးကြော
သွေးညစ်တွေ စီးမျှောဖူးသတဲ့။
ဟဲ့ ဧရာ...........
ရှိသေးရဲ့လားနင့်ရေလွှာ
ငါ့ဖောင်တိန် မွဲပြာပြာအရောင်ပျက်လို့
ထောင်ထွက်တို့ ဝေဒနာချုပ်ငြိမ်း
စစ်အာဏာ ရုပ်သိမ်းတဲ့တစ်နေ့
ရောက်တဲ့ အရပ်က ဆတ်ကနဲကွေ့ပြန်ခဲ့မယ်
ကျန်ခဲ့တဲ့ ကမ်းနဖူးလေးကို မှန်းဆ
ချန်ခဲ့တဲ့ သောင်ခုံလေးကို တမ်းတ
လွမ်းရတဲ့ မြစ်ပြင်လေးကို ငေးမော
ကျွမ်းရတဲ့ တမာပင်လေးကို တွေးတောရင်း.....
ငါ ဖြတ်သန်းစီးဆင်းခဲ့ရာ
ငါရွက်လွင့်မျောပါခဲ့ရာ
ငါ ရောက်ရှိရှင်သန်ရာ
တောင်ပင်လယ်ရေလွှာထက်က
ဝေဒနာတွေ ထွက်ကျတဲ့နေရာ
penang ဆိုတဲ့ ကျွန်းကလေးမှာ
ဖောင်စီးရင်းရေငတ်
ပင်လယ်ရေ၀ိုင်းပြီးခပ်သောက်လို့မရတဲ့ ငါ့ဘ၀စာနာစွာ ရေချိုတစ်ပေါက် တောင့်တတယ်ဧရာ။ ။
အလွမ်းများစွာဖြင့်
အမောင်
၀၁း၁၈
၂၀၁၁၀၉၁၁
(အပြင်စီးမဂ္ဂဇင်း၊ အမှတ်(၉) မှ ဆရာဆွေမင်း၏ “ကမ္ဘာတည်သရွေ့ဧရာဝတီ” ကိုပြန်လည်ခံစားရေးဖွဲ့သည်။)
(၀ံသာနု ဂျာနယ်၊ အတွဲ၁၊ အမှတ်၂၀။ ၂၀၁၁ စက်တင်ဘာ၂၁)
0 comments:
Post a Comment