Wednesday 18 July 2012

လန်ဒန်မြေသို့ ခရီးတစ်ခေါက် ဆောင်းပါး အပိုင်း (၄)


အင်္ဂလိပ်လူမျိုးများက မိတ်ဆက်မပေးလျှင် တစ်ခရီးထဲသွားသည့်တိုင်း စကားမပြောကြဟုဆိုကြ၏။အတိတ်က အထက်တန်းစား ရှေးရိုးအင်္ဂလိပ်များသည် ထိုကဲ့သို့ရှိခဲ့လေသလားမသိ။ယနေ့မိမိတို့ အင်္ဂလိပ်များကတော့ ဖော်ရွေကြသူများချည်းဖြစ်သည်။ဖော်ရွေသော အင်္ဂလိပ်များကို နေရာတကာတွင်တွေ့ရသည်။အထူးသဖငြ့် ကျေးလက်နေ အင်္ဂလိပ်များကပို၍ ခင်မင်ဖော်ရွေတက်သည်။သို့သော် သူတို့သည် အပိုစကားများကို မပြောနေကြ၊လမ်းမသိ၍ မေးပါက အင်္ဂလိပ်တိုင်းက ကျောင်းဆရာ တစ်ယောက်စာသင်သလို လမ်းကိုတိကျ ရှင်းလင်းစွာ လမ်းညွန်သူချည်းဖြစ်သည်။
မိမိရောက်ဘူးသော ဥရောပ ကျေးလက်ဗိသုကာစတိုင်များကလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူ။တစ်လမ်းထဲရှိအိမ်ငယ်လေးများက ဆင်တူသယောင်ရှိပေမယ့် တကယ်ကြည့်လိုက်တော့ ခြားနားသည့် ဗိသုကာဟန်ရှိသည်။
အင်္ဂလန်၌ရောက်လေရာရာ မိမိပတ်ဝန်းကျင်တွင် ပန်းချီကားချပ်လို လှပသည့် ရှုခင်းများက ပတ်ပတ်လည်တွင်ရှိနေရာ စိတ်အစားကျွေးလိုသူ တွေးတောခံစားလိုသူတိုင်းအတွက် အင်္ဂလန်နိုင်ငံသည် လွမ်းမောလည်ပတ်စရာ ခရီးသာသော နိုင်ငံဖြစ်သည်။
အင်္ဂလန်၏ ကျေးလက်ဒေသများတွင် ရောင်စုံပန်းခင်းများ၏အလယ်၌ထိုးထိုးထောင်ထောင်ရှိသော အိမ်ကြီးများကိုလည်း တွေ့ရတက်သည်။သဲသောင်ထူထပ်သည့် ပင်လယ်ပြင်ကမ်းခြေ၊ကျောက်သားထူထပ်သည့် ကမ်းရိုးတန်းများတွင်လည်း ကြည့်ရှုစရာရှုခင်းများ ပြည့်နေသည်။အင်္ဂလန်၏ကမ်းခြေများတွင် ရှေးဟောင်းငါးဖမ်းဆိပ်ကမ်းများ၊လှေကလေးများ တန်းစီ၍ဆိုက်ထားသော နေရာများအပြင် ဖိနပ်မပါဘဲ ဖိနပ်ချွတ်လမ်းလျှောက်ချင်စရာ ရွှေရောင်သဲသောင် ကမ်းခြေများက အင်္ဂလန်ကျွန်း ပတ်ပတ်လည်တွင်ရှိနေပါသည်။
အင်္ဂလန်နိုင်ငံ၏ ဒေသတစ်ခုစီတွင် လွမ်းနောစရာရှုခင်းများ သို့မဟုတ် ပြုစားနိုင်သော ပန်းချီဆန်သည့် ရှုခင်းများသည် နေရာတကာတိုင်း၌တွေရသည်။ရာသီအလိုက် ပြောင်း၍ပြောင်း၍နေသည်။ဥပမာ နွေးရာသီဆိုပါက တစ်နိုင်ငံလုံးတွင် အခင်းလိုက် အခင်းလိုက် ရောင်စုံပန်းခင်းကြီးများရှိသည်။အပြာရောင်ဘလူးဘဲလ်ပန်းများကရောင်စုံကော်ဇောများခင်းထားသလို သစ်တော တောင်တန်းများအကြားတွင် နေရာထားကြသည်။ထိုပန်းခင်းကြီးများသည် ခူး၍ ဈေးပို့ရောင်းရန်မဟုတ်၊သူတို့နိုင်ငံ၊သူတို့လူမျိုးတွေ နှလုံးသား မည်မျှလှပကြောင်း ပြသရန် မျက်စိပသာဒအလို့ငှာ အလှစိုက်ထားကြခြင်းဖြစ်သည်။
နွေးရာသီတွင် ဆောင်းခိုရန် အင်္ဂလန်မှ ထွက်သွားကြသော ငှက်များ လန်ဒန်မြေသို့ ပြန်လည် ရောက်ရှိလာကြပြီး သီချင်းဆိုနေကြသည်က တောကြို တောကြားအနှံ့ သစ်ကိုင်းသစ်ပင်အများပေါ်တွင် သူတို့၏တေးသံများက ဆူညံ၍နေသည်။ဆောင်းရာသီက ပိတ်ထားသော အစိုးရပိုင်အိမ်များ၊မြို့စား၊နယ်စား ထင်ရှားသူတို့၏ နေအိမ်များကိုနွေးဦး၌ ပြည်သူတို့ကြည့်ရှုလည်ပတ်ရန် စတင်ဖွင့်လှစ်ကြရာ ထိုအိမ်များ အဆောက်အဦများကတော့ အထူးထူးအထွေထွေ မွမ်းမံဖန်တီးထား၍ ဘာမျှပြောစရာ မလိုလောက်အောင် ကြည်ရှုစရာများဖြင့် ပြည့်နေသော နေရာများဖြစ်သည်။
အင်္ဂလန်နိုင်ငံသည် နေ့တာကလည်းရှည်၊ရာသီဥတုကလည်းနွေးတော့ တစ်နိုင်ငံလုံး ပန်းရနံ့များနှင့် မွှေးနေသည်။နွေးဦးကာလတွင် အင်္ဂလန်နိုင်ငံ၌ မြေတလက်မမကျန် ပန်းများစိုက်ထားကြသည်။
ွှဲအင်္ဂန်နိုင်ငံသည် ကျွန်းနိုင်ငံဖြစ်သောကြောင့်လားမသိ၊ချောင်းကလေးများနှင့် မြစ်ငယ်မြောင်းငယ်များ အလွန်ပေါသောနိုင်ငံဖြစ်သည်။အင်္ဂလန်အလယ်ပိုင်းတွင် နေရာတကာ၌ရေကြောင်းကိုထိရောက်စွာ အသုံးပြုသည်။ကုန်စည်ပို့ရာတွင်ရော ခရီးသွားရေးအတွက်ပါ ရေကြောင်းကိုသုံးသည်။ချောင်းငယ် မြောင်းငယ်များသည် လယ်ကွင်းခြံစည်းရိုးများအကြား၌ပင်ရှိတက်သည်။နွေဦးရာသီ၌မြစ်ဖျားမှသည်မြစ်ဝတိုင်တောင်ကျရေဖြင့် လှေစီးရင်း မြစ်ဘေးဝဲယာတောတောင်အလှအပများကို ကြည့်ရှုရသည်က တစ်မျိုးကြည်နူး မောဟိုက်ဖွယ်ရာဖြစ်သည်။
အင်္ဂလန်၏ အချို့နေရာများတွင် ကျောက်အိမ်လေးများတွေ့ရသလို အုတ်နှင့်သစ် ကြားညှပ်၍ ဆောင်းထားသော အင်္ဂလန်အရှေ့ပိုင်းမှ အိမ်များကလည် တမှုထူးခြားသည်။သက်ကယ်ခေါင်းမိုးနှင့်အိမ်များ၊ကွင်းပြင်ကျယ်ကြီးများတွင် တစ်အိမ်နှင့်တစ်အိမ် အဝေးကြီးဆောက်လုပ်ထားသည့်အိမ်များက တကယ့်လွမ်းစရာဖြစ်သည်။
လန်ဒန်၏ ကျေးလက်တွင် ရောင်စုံတောပန်းခင်းများ အလယ်၌တွေ့ရသော လေရဟတ်ကြီးများနှင့်ရေတင်၊ပြောင်းစင်း၊ဂျုံကြိတ်နေကြသည့် ကျေးလက်မြင်ကွင်းများကလည်း အဆန်းတကြယ်ဖြစ်ရသည်။အင်္ဂလိပ်ကျေးမြင်ကွင်းများကလည်း အဆန်းတကြယ်ဖြစ်ရသည်။အင်္ဂလိပ်ကျေးလက်ပြည်သူတို့၏ နှလုံးသားကိုဖောက်ထွင်းသိမြင်နိုင်မည်ဖြစ်ပါသည်။

0 comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့ပါ။