Tuesday 12 August 2014

ရိုးသားဖြောင့်မတ်မှုမရှိကြတဲ့အခါ.....အပိုင်း(၁) မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ရိုးသားဖြောင့်မတ်မှုမရှိကြတဲ့အခါ.....အပိုင်း(၁)
နော်ဝေနိုင်ငံ၊စတီရယ်ဒေါမြို့ရဲ့ မှာသီတင်းသုံးနေထိုင်သော ဆရာတော်ဦးထာဝရနှင့် ဒကာဒကာမများမှ Battle of Hegra Fortress
အမည်ရှိတဲ့ ရဲပြတိုက် ခံတပ်တစ်ခုကို လိုက်လံပို့ဆောင်ပေးသည့်အတွက် သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။၁၉၁၀ ခုနှစ်လောက်မှာ စစ်ရေးအရ အချက်အချာကျလှတဲ့ တောင်ကုန်းတစ်ခုကို ခံတပ်အဖြစ်အခိုင်အမာတည်ဆောက်ထားကြတဲ့လက်ရာတွေကိုကြည့်ပြီးအံ့သြနေမိပါတယ်။တောင်ကုန်းကို မြေအောက်လှိုင်ခေါင်းတွေအဖြစ်အခိုင်အမာကျကျနန စနစ်တကျတည်ဆောက်ထားတာကိုတွေ့ရပါတယ်။သူတို့နိုင်ငံက အင်မတန်အေးတဲ့နိုင်ငံတွေဖြစ်တော့ အခုလိုလျှပ်စစ်မီးတွေလည်းရှိသေးတာမဟုတ်တဲ့အချိန်ဆိုတော့ ထင်းမီးဖိုတွေနဲ့ပဲ တောင်ကုန်ကြီးတစ်ခုလုံးကို အပူဓါတ်ရအောင် ပိုက်လိုင်းတွေနဲ့တည်ဆောက်တပ်ဆင်ထားတာ အံ့သြစရာကောင်းလှပါတယ်။
ပိုပြီးတော့အံ့သြစရာကောင်းတာက ဒီလောက်အခိုင်အမာတည်ဆောက်ထားတဲ့ ခံတပ်ကြီးကျဆုံးသွားတဲ့အခါမှာ ဟိုလူကြောင့်ဒီလူ့ကြောင့်မို့ ကျဆုံးသွားရပါတယ်လို့ သူများတွေကို အပြစ်ပုံမချတဲ့ ရိုးသားမှုကိုတွေ့ရလို့ပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျနော်မဲဆောက်ကိုရောက်ခါစက ဒကာတစ်ယောက်နဲ့တွေ့တော့ စကားပြောဖြစ်ပါတယ်။စကားပြောကြရင်းနဲ့ သူက ဘယ်ရောက်သွားသလဲဆိုတော့ အထက်ဗမာပြည် မန္တလေးနန်းတော်ကြီးကျဆုံးသွားရတာဟာ သာသနာပိုင်ဆရာတော်ကြီးတွေကြောင့်လို့ပြောပါတယ်။ဘာကြောင့်လဲဒကါလို့သူ့ကိုမေးတော့ ကနောင်မင်းသားကြီး ရေမြုပ်ဗုန်းစမ်းသပ်တာကို ဆရာတော်ကြီးတွေကနေ မင်းတုန်းမင်းကြီးကို မင်းကတော့ သာသနာပြုမင်းလုပ်ပြီး မင်းညီတော်ကတော့ သတ္တ၀ါတွေသေစေကြောင်းလုပ်နေတယ်ဆိုပြီးတားမြစ်ခဲ့လို့ ရေမြုပ်ဗုန်းတွေ ဖျက်ဆီးခံရလို့ အင်္ဂလိပ်တွေတတ်ပြီးသိမ်းနိုင်တယ်။ဒါကြောင့် ကျဆုံးရပါတယ်ဆိုပြီးပြောပါတယ်။တကယ်တော့သေသေချာချာစဉ်းစားကြည့်ပါ။မင်းတုန်းမင်းကြီးဆရာတော်တွေပြောတာမှန်သမျှ လက်ခံတဲ့မင်းလား၊ ဆရာတော်တွေပြောတာမှန်သမျှလက်မခံတဲ့မင်းမို့လို့ တိုင်းပြည်အကျော်အမော် ဗန်းမော်ဆရာတော်ကြီး သူ့ကိုပြောမိလို့ကို ပြည်နှင်ဒဏ်ပေးတာပေါ့။ တကယ်တော့ မင်းတုန်းမင်းဟာလည်း သက်ဦးစံပိုင်အာဏာရှင်ပါပဲ။ ကနောင်မင်းသားကြီးရဲ့ တန်ခိုးသြဇာပါဝါကြီးထွားလာတာကိုမလိုလားပါဘူး။အဆိုးဆုံးက သူ့သားတော်တွေကို ထီးနန်းလွဲချင်တာပါပဲ။အခုလို နိုင်ငံအရေးနဲ့ သာသနာရေးကို မကွဲတဲ့ ဆရာတော်တစ်ပါးက ၀င်တားမြစ်တာဟာ သူ့အတွက် အခွင့်ကောင်းရသွားခြင်းတာဖြစ်ပါတယ်။သူလက်မခံချင်တာကျတော့ ဆရာတော်ကြီးပါပဲ ပယ်ပြစ်ပြီးတော့ သူလက်ခံချင်တာကျတော့ အလွယ်လက်ခံလိုက်တာပါပဲ။ဒါက တိုင်းရေးပြည်ရေးအတွက်ဖြစ်တဲ့အတွက် ဘုန်းကြီးက တားသည်ဖြစ်စေ မတားသည်ဖြစ်စေ နိုင်ငံအတွက်အရေးကြီးတဲ့အတွက် မင်းကောင်းဆိုရင် တားမြစ်မှာမဟုတ်ပါဘူး။
ယနေ့လည်း စစ်အုပ်စုဟာ သံဃာတော်အချို့ကို ခုတုံးလုပ် ကလိမ်ကကျစ်ကျပြီး ကစားနေတာကိုတွေ့နေရပါတယ်။ တကယ်သူတို့အာဏာအတွက် အကျိုးရှိမဲ့ ပြည်သူပြည်သားအချင်းချင်း သံဃာတော်အချင်းချင်း ကွဲပြားသွားစေတာမျိုးဆိုရင် အလွယ်လက်ခံခွင့်ပြုပြီးတော့ တကယ့် သာသနာတော်အတွက် အရေးကြီးတဲ့ အကြောင်းတရားတွေကို သေချာထောက်ထားပြီးပြောကြားတာတွေဆိုရင် လက်မခံပါဘူး။ ဒါကိုကောင်းကောင်းသဘောပေါက်ကြဖို့လိုပါတယ်။ အချင်းချင်း သမိုင်းသင်္ခန်းစာတွေယူပြီး ညီညွှတ်ကြဖို့လိုပါတယ်။အဲဒါနဲ့ ဦးဇင်းက အဲဒီဒကာကို
တစ်ခွန်းပဲမေးလိုက်ပါတယ်။ကနောင်မင်းသားကြီးသေတာ ဘယ်သူ့ကြောင့်လဲ ဘုန်းကြီးတွေကြောင့်လား၊ မင်းတုန်းမင်းကြီးသားတော်တွေကြောင့်လားလို့မေးလိုက်တော့ သူ့သားတွေကြောင့်ပါတဲ့။မင်းတုန်းမင်းကြီး မိန်းမတွေမြောက်များစွာယူပြီး သူ့သားတော်တွေအချင်းချင်း သတ်ကြ ဖြတ်ကြ အာဏာလုကြတဲ့ နန်းတွင်းအရှုပ်တော်ပုံတွေကြောင့်ဖြစ်ပါတယ်။နန်းတော်ထဲလည်း အားလုံးရောက်ဖူးနေကြတာပဲ တိုင်းတစ်ပါးသားတွေကို တော်လှန်ဖို့ ဘာတွေများ ကောင်းကောင်းတည်ဆောက်သွားနိုင်လို့လဲ။ ကိုယ့်နိုင်ငံသားတွေကို နှိပ်ကွတ်ဖို့လောက်ပဲ လုပ်နိုင်ခဲ့တာပါ။အဲဒါတွေ မတည်ဆောက်နိုင်ခဲ့လို့ မန္တလေးနန်းတော်ကြီးကို သိမ်းသွားတဲ့အခါမှာ ကြက်ကလေးငှက်ကလေးလို အလွယ်သိမ်းယူသွားနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ယနေ့ထိ မြန်မာနိုင်ငံကြီးကို ပြန်ကြည့်တဲ့အခါမှာ မရိုးမသားတွေ သူများကို လွဲချတာတွေ သမိုင်းကို လိမ်ချင်တာတွေ တွေ့နေ၇တာဟာ အလွန်ရှက်စရာကောင်းလှပါတယ်။ မြန်မာနိုင်ငံကြီးယနေ့လို ဆင်းရဲမွဲတေပြီး ကမ္ဘာမှာအဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သွားရတာဟာ စစ်အာဏာရှင်ကြီး ဦးနေ၀င်းနဲ့ ဦးနေ၀င်းက မွေးဖွါးပေးလိုက်တဲ့ ဦးသန်းရွေ၊ဦးခင်ညွှန့်၊ဦးသိန်စိန် အစိုးရအဆက်ဆက် ညံ့ဖျင်းမှု ကလိမ်ကကျစ်ကျမှု ဗိုလ်ကျစိုးမိုးမှုတွေကြောင့်ဆိုတာ ရှင်းနေပါလျက် ဟိုလူကြောင့် ဒီလူကြောင့်ဆိုပြီး လက်ညိုးထိုးလွဲချချင်တာကိုတွေ့နေရပါတယ်။ဒါတွေဟာ မရိုးသားမှုတွေပါပဲ။ ဟိုနေ့က ဖွတ်ဦးရဲထွက် ကပြောသွားပါတယ်။ ပါလီမန်မှာ စစ်ဗိုလ်တွေပါနေတာဟာ တိုင်းပြည်ရဲ့ လိုအပ်ချက်အရပါနေ၇တာပါတဲ့။ မလိုပါဘူး၊ စစ်ဆိုတာ တိုင်းပြည်ရဲ့ ကာကွယ်ရေးမှာပဲလိုပါတယ်။သူ့နေရာမှန်ရင်တန်ဖိုးရှိပါတယ်။နေရာမှားရင်ဘာမှ တန်ဖိုးမရှိပါဘူး။ ယနေ့မြန်မာနိုင်ငံကြီးဒုက္ခရောက်နေခြင်းဟာ စစ်တပ်စစ်တပ်နေရာမနေပဲ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးတွေမှာ ၀င်ရှုပ် ကလိမ်ကကျစ် ကျနေလို့ တိုင်းပြည်ကြီး ဒုက္ခရောက်နေခြင်းသာဖြစ်ပါတယ်။
တိုင်းပြည်ကို ဒုက္ခပေးနေသော အာဏာရှင်ကြီးတွေကို အပြီးသတ်မတွန်းလှန်နိုင်သေးတာကိုက ကျနော်တို့ညံ့နေကြသေးလို့ဖြစ်ပါတယ်။
ဟိုလူ့ကြောင့် ဒီလူ့ကြောင့် ဟိုဟာကြောင့်ဒီဟာကြောင့် လွဲမချစေချင်ပါ။
လွဲချခြင်းသည် မရိုးသားခြင်းဖြစ်သည်။
တိုင်းပြည်ကိုဆင်းရဲဒုက္ခပေးနေသော မသူတော် စစ်အာဏာရှင်ကြီးများကို အပြီးသတ်တွန်းလှန်တိုကပွဲဝင်နိုင်ကြပါစေ.........
အပိုင်း(၂) ဆက်လက်ဖေါ်ပြပါမည်..............
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့ပါ။