Wednesday 6 June 2012

တော်လှန်ရေးသမား၏ ရဲဘော်စိတ် (မောင်ဆောင်းနွယ် )

ကျမရဲ့ဖေစ်ဘုတ်ပေါ်က မိတ်ဆွေသူငယ်ချင်းတွေကို ဖတ်စေချင်တဲ့ စေတနာနဲ့ မောင်ဆောင်းနွယ်ရဲ့ “တော်လှန်ရေးသမား၏ ရဲဘော်စိတ်” ဟူသော ဆောင်းပါးကို ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့
အိုးဝေဂျာနယ် စာအုပ်အဟောင်းပုံကြီးထဲမှ ထုတ်ယူကာ ကျမကိုယ်တိုင် စာစီစာရိုက်ပြီး အများဖတ်မှတ် လေလာနိုင်ရန် အတွက် ဖေ့စ်ဘုတ်ပေါ်တွင် မျှဝေဖြန့်ချီ ပေးလိုက်ပါသည်။ ဟေသီမိုး
အိုးဝေဂျာနယ် အမှတ် ( ၄၀ ) ၊ ၁၃၃၁ - ခု၊ တပေါင်းလဆုပ် ( ၅ ) ရက်၊ ၂၇ . ၃ . ၁၉၇၀။ စာမျက်နှာ ( ၁၇-၁၈)           
 တော်လှန်ရေးသမား၏ ရဲဘော်စိတ် (မောင်ဆောင်းနွယ် )

မြန်မာနိုင်ငံတော် ရှမ်းပြည်တောင်ပိုင်း ဖက်ဆစ်ဂျပန်တော်လှန် တိုက်ခိုက်ရေးတွင် ဦးစီးခဲ့၍ ၁၃၀၇ ခုနှစ် နယုန်လဆုတ် ၈ ရက်နေ့ည ၈ နာရီ ၁၀ မိနစ်အချိန် တယ်လူး စခန်းတွင် ကျဆုံးသော ဗိုလ်မှူးကြီးကာနယ်ဗထူးနှင့် အထက်မြန်မာပြည်တိုက်ပွဲများတွင် ကျဆုံးသော သူရဲကောင်း ရဲဘော် နှစ်ဆယ့်ခြောက်ယောက်။
ကျွန်တော်သည် တာဝန်ဖြင့် အောင်ဘန်းမြို့သို့ အကြိမ်ကြိမ်ရောက်ခဲ့ ဘူးပါသည်။ အောင်ဘန်းသည် စည်ပင်သော ရှမ်းပြည်တောင်ပိုင်းမြို့တမြို့ဖြစ်သည်။ အောင်ဘန်းသို့ ရောက်တိုင်းပင် ကားဆိပ်ရှိ ခန့်ထယ်ခြင်း မရှိလှသော ကျောက်တိုင်ရှေ့တွင်ရပ်၍ အထက်ပါ စာတမ်းကို ဘတ်ကြည့် မိမြဲဖြစ်ပါသည်။  ထိုအခါတိုင်းပင် ကျွန်တော်၏ ရင်မှာ လှုပ်ရှားရမြဲ ဖြစ်ပါသည်။

ရဲရင့်ပြတ်သားသော တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆက်ခဲ့သော လက်အောက်ငယ်သားများ အပေါ်တွင် ကြင်နာဦးစားပေးခဲ့သော ဗိုလ်မှူးကြီး ဗထူး၏ လုပ်ရပ်အချို့ကို အမှတ် မှတ်မိနေပါသေးသည်။

စော၍တော်လှန်
ဖက်ဆစ်ဂျပန်တို့အား ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် တပြည်လုံးအုံကြွတော်လှန်သည့် ၁၉၅၄ - ခု၊ မတ်လ ၂၇ ရက်နေ့ထက် စော၍ အထက်ဗမာပြည်တွင် ဖြစ်ပေါ်လာသည့် အခြေအနေအရ အနောက်မြောက်တိုင်း တိုင်းမှူးဗိုလ်မှူးဗထူးသည် မတ်လ ၈ ရက်နေ့မှ စတင်လျက် အထက် ဗမာပြည်တော်လှန်ရေး တပ်မတော် ကိုဦးဆောင်ပြီး ဖက်ဆစ်ဂျပန် တို့အားတော်လှန်ခဲ့သည်။ ဗိုလ်ချုပ်နှင့် ဗိုလ်မှူးဗထူးတို့ ပူးပေါင်း ဆောင်ရွက်ခဲ့၏၊ စစ်ပရိယာယ် နိုင်ငံရေးပရိယာယ်ကြောင့် အထက်ဗမာပြည်၏ ပထမ တပြည်လုံး အုံကြွ တော်လှန်ရေး အစီအစဉ်ကို မထိခိုက်သေးခဲ့ပေ။
ရှမ်းပြည်စစ်မျက်နှာ ဗိုလ်မှူးသည် မန္တလေး စစ်မြေပြင်တွင် ဖက်ဆစ်ဂျပန်တို့အား လုံးဝ အောင်မြင်စွာ တိုက်ခိုက် သုတ်သင်ပြီးသည်နှင့် ဂျပန်တပ်များရှိရာ ပျဉ်းမနားမြို့သို့ ချီတက်ရန် ရည်ရွယ်ခဲ့သည်၊ သို့သော်- မဟာမိတ်တပ်မှ ‘ ဂျင်နရယ်‘ နှင့် `ဂရေစီ ‘ နှင့် ဗိုလ်မှူးတို့ တွေ့ဆုံ ဆွေးနွေးပွဲတွင် အထူးအရေးကြီးသော ရှမ်းပြည်စစ်မျက်နှာကို ဗိုလ်မှူးက တာဝန်ယူတိုက်ခိုက်ရန် သဘောတူခဲ့လေသည်။ သို့နှင့် ဗိုလ်မှူးနှင့်တကွလက်အောက်ခံ တပ်များသည် ပျဉ်းမနားသို့ ချီတက် တိုက်ခိုက်ရေး အစီအစဉ်ကို ဖျက်သိမ်းပြီး ရှမ်းပြည် စစ်မျက်နှာသို့ ထွက်ခဲ့ရသည်။

စစ်မျက်နှာတွင်
ရှမ်းပြည် စစ်မျက်နှာတွင်ကား၊ အဆိုးဟူသမျှသည် ဗိုလ်မှူးနှင့်တကွ ရဲဘော်များအားဆီးကြိုခဲ့လေသည်။ တိုက်ပွဲများမှာ ပြင်းထန်း လှသည်။ ရာသီ ဥတုက ဆိုးရွား၊ အဝတ် အစားကချို့တဲ့၊ နားခိုစရာ စခန်းက ရှားပါး၊ မလုံလောက်၊ ပိန္နဲသီးစိမ်းကို ပြုတ်၍၄င်း၊ ကင်ပုလင်းရွက်များကို ဟင်းချို ပြုတ်၍၄င်း၊ စားသောက် ခဲ့ရသည့် အထိ ရိက္ခာ အခက်အခဲ ရှိလှသည်။ တကယ့် ကြမ်းတမ်း ဆိုးရွားသော စစ်ခရီးပင်။
ဗိုလ်မှူးသည် မဟာမိတ် တပ်တို့အား အစွမ်းကုန်ကူညီခဲ့သော်လည်း မဟာမိတ်တို့ထံမှ လိုအပ်သော အကူအညီများ မရရှိခဲ့ပေ။

မြေပြန့်ဆင်းရန်
“အင်္ဂလိပ်တပ်များနှင့် ဆက်သွယ်မိပြီး ဆိုရသော်လည်း ၄င်းတို့ထံမှ ရိက္ခာအနည်းငယ်နှင့် ခဲယမ်းမီးကျောက်များမှအပ အခြားထိေ၇ာက်သော အကူအညီ ဟူ၍ မရရှိပါ သော်လည်း တပ်မကြီး တည်တန့် မှု့နှင့် စည်းရုံးရေး မပျက်ရန် ရည်ရွယ်ချက် ဖြင့်ပင် ဆက်လက်တိုက်ခိုက်နေရပါသည်။ ရှမ်းပြည်ရှိ တောတောင်များကို ကျော်ဖြတ် တိုက်ခိုက်ရာ၌ သယ်ယူပို့ ဆောင်ရေးအတွက် လူနှင့် လှည်းကိုသာ အသုံးပြု နေရရာ ယခုအချိန် အခါတွင် လူများမှာလည်း ပင်ပန်း၊ နွားများမှာလည်း လယ်တွင် အသုံးပြုနေရသဖြင့် မအားလပ်သည့် အပြင် ဆိုးရွားသော ရာသီ ဥတုကြောင့် အဖျား အနာထူထပ် နေသဖြင့် ရှေ့ဆက်လက် တိုက်ခိုက်ရန် အတွက်၎င်းတို့ ထံမှ လိုအပ်သော အကူအညီများ မရရှိခဲ့ပါ။ မြေပြန့်သို့ ဆင်းတော့ မည့်အကြောင်းကို အကြောင်းကြားလိုက်ပါပြီ…..”
ဗိုလ်ချုပ် အောင်ဆန်းထံသို့ ဗိုလ်မှူးဗထူး ပေးပို့လိုက်သည့် အစီရင်ခံ စာမှ အထက်ပါ ကောက်နှုတ်ချက်ကို ကြည့်ခြင်း အားဖြင့် ရှမ်းပြည် စစ်မျက်နှာတွင် ဗိုလ်မှူး ဗထူး၏ အခက်အခဲ အကြပ်အတည်းတို့ကို သိနိုင်ပါသည်။ ဗိုလ်ချုပ်ထံသို ပေးပို့ သည့်အစီ ရင်ခံစာတွင် မြေပြန့်သို့ ဆင်းတော့မည်ဟု အကြောင်းကြားလိုက်သော်လည်း တကယ်လက်တွေ့တွင် ဗိုလ်မှူးသည် မြေပြင်သို့ မဆင်းနိုင်ခဲ့ပါ။ တောင်တန်း မြေမြင့်ပေါ်မှာပင် တော်လှန်ရေးနှင့် တိုင်းပြည် အတွက် အသက်ပေးဆက်ခဲ့ပါသည်။

ငှက်ဖျားရောဂါ
အစီရင်ခံစာကို ဗိုလ်ချုပ်အောင်ဆန်းထံသို့ ဆက်သားနှင့် ပို့ပြီးသည့် အချိန်တွင် ယခင်က ရရှိခဲ့ဘူးသော ငှက်ဖျားရောဂါသည် ရှမ်းပြည်၏ ရာသီဥတု ဆိုးရွားမှုနှင့် ဆေးဝါးမလုံးလောက်မှုတို့ကြောင့် ပြန်လည် စွဲကပ်ခဲ့သော ငှက်ဖျားရောဂါမှာ ဗိုလ်မှူးကို နှိပ်စက်ပါတော့သည်။ ဗိုလ်မှူးအား ကျန်းမာရေးမှာ စိုးရိမ်ရသည့် အခြေသို့ပင်ဆိုက်ရောက်လာပြီးဖြစ်၏။ သို့သော် ဗိုလ်မှူးသည် ရှေ့တန်း စစ်မျက်နှာ၌ပင် တိုက်ပွဲများကို အိပ်ယာထက်မှ စီစဉ်ပေးလျက် ရှိသေးသည်။

ဆုတ်ခွာသော်
နောက်ဆုံး အခြေအနေ မကောင်းသဖြင့် ရဲဘော်များနှင့် တပ်မှူးများက “ တယ်လူးစခန်း” သို့ ဆုတ်ခွာရန် အတင်းအကြပ် ပြောဆိုရာမှ ဗိုလ်မှူးက သဘောတူလိုက်လေသည်။ ထိုအချိန်တွင် ဗိုလ်မှူးမှာ အင်အားချို့တဲ့နေ၍ ကောင်းစွာပင် လမ်းမလျှောက်နိုင် တောင်ဝှေး တချောင်းကို အားပြုရင်း ရဲဘော်ကလေး တယောက်နှင့် အတူခြေလျင်လိုက်သည်။ ဌာနချုပ်တွင်ရှိသည့် တခုတည်းသော ထမ်းစင်ကို သတိ မရတချက် ရတချက်ဖြစ်နေသော ဗိုလ်ရဲခေါင် အားတင်စေသဖြင့် ဗိုလ်မှူးအား အခြားသူများက ဖေးမခေါ်ယူကြရသည်။
တယ်လူး စခန်းသို့ မရောက်မီ တောင်ကုန်းဆင်ခြေလျှောကလေးသို့ ရောက်သည့် အခါ အားတင်းချိနဲ့ နေသော ဗိုလ်မှူးသည် မိမိကိုယ်ကို မဟန်နိုင်ဘဲ ပုံရက်သားကျ သွားတော့သည်။ လဲရာမှလည်း မထနိုင်ဘဲ မြေကြီး ပေါ်၌ ခေါင်းချပြီး ဖုတ်လိုက် ဖုတ်လိုက် ဖြစ်နေသည်။ ရဲဘော်များက ဗိုလ်ရဲခေါင်အား စခန်းသို့ အရောက်ပို့ပေးကား ထမ်းစင်ကို ပြန်ယူလာပြီး ဗိုလ်မှူးအား ထမ်းစင်ဖြင့် တင်ဆောင် သယ်ယူရတော့သည်။ ဗိုလ်မှူးသည် ဤမျှပင် လက်အောက်ငယ်သားများ အပေါ်တွင် ငဲ့ညှာဦးစားပေးခဲ့သူ ဖြစ်ပါသည်။ ထိုမျှမကသေးပါ ဗိုလ်မှူး ဗထူးနှင့် ဗိုလ်စောရန်တို့ အလူးအလဲဖျားကြသည်။ တယ်လူးရွာတွင် ဗိုလ်မှူးဗထူးနှင့် ဗိုလ်ရဲခေါင် တို့ကို ဆေးမှူးကြီး စောနောင်ခမ်းနှင့် ကုသသည်၊ ဂလူးကိုးစ် ထိုးဆေးတလုံးရှိသည်ကို ဗိုလ်မှူးက ဗိုလ်ရဲခေါင်အား ထိုးစေသည်။ ကိုယ်တိုင်ဤဆေး ထိုးရန်လိုအပ်ပါလျက်မထိုးဘဲ ဗိုလ်ရဲခေါင်အား ထိုးစေခဲ့သည်။ ဇွန်လ ၂၁ရက်နေ့တွင် တယ်လူးရွာ စခန်း၌ ဗိုလ်မှူးဗထူးအဖျားနှင့် ကျဆုံးရှာသည်။

( ၁၉၅၉ ခု- တပ်မတော်နေ့ စာစောင် တော်လှန်ရေး တိုက်ပွဲမှတ်တမ်း )
သည်အဖြစ်များကို သတိရတိုင်း ကြက်သီးမွှေးညှင်းထသည်အထိ ရင်ထဲတွင်လှုပ်ရှား ရပါသည်။ မိမိ အသက်ထက် လက်အောက်ငယ်သား၏ အသက်ကို ဦးစားပေးခဲ့သော ဗိုလ်မှူး၏ စိတ်ဓါတ်ကား အတိုင်းအဆမရှိ မြင့်မြတ်ပါသည် ၊ လေးစားကြည်ညို၍ မဆုံးရှိရပါသည်။ ဗိုလ်မှူး ဗထူးအား ဖက်ဆစ်တော်လှန်ရေး၌ ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်မှုကြောင့် “ ဗိုလ်မှူး” အဆင့်မှ “ဗိုလ်မှူးကြီး” အဆင့်သို့ တိုးမျြင့်မှုလိုက်ကြောင်း ဗိုလ်ချုပ်ထံမှ အကြောင်းကြားလိုက်သော်လည်း ဗိုလ်မှူး ဗထူးသည် ထိုချီးမျြင့်မှုကို သိမသွားရရှာပေ။ ဗိုလ်မှူးကြီးဗထူးကား ကျဆုံးခဲ့ပေပြီ၊ သို့သော် ဗိုလ်မှူးကြီး၏ အမျိုးနှင့် တိုင်းပြည်ကို ချစ်သော စိတ်ဓါတ်၊ ရဲရင့် ပြတ်သားသည့် တော်လှန်သော စိတ်ဓါတ်၊ လက်အောက်ငယ်သားများ အပေါ်တွင် အသက်ကို ပဓါန မထားဘဲ ချစ်ခင် ငဲ့ညှာ ဦးစားပေးသည် မြင့်မြတ်သော စိတ်ဓါတ် တို့သည်ကား ကျွန်တော်တို့ လူငယ်များ၏ နှလုံးသား ကြေးမုံပြင်ဝယ် အမြဲထင်ဟပ် စွဲငြိနေသည် ဖြစ်ပါသည်။

(အကိုးအကား ပြုသော စွယ်စုံကျမ်း ၊ စတုတ္ထတန်း မြန်မာ ဖတ်စာသစ် ၊ သိပ္ပံစိုးရင် ပြုစုသည့် ဗမာ့ တော်လှန်ရေးအာဇာနည် (ဗိုလ်မှူးကြီးဗထူး) တို့တွင် ဗိုလ်မှူးကြီးဗထူး ကျဆုံးသည့် နေ့ရက်မှာ ဇွန်လ ၂ ရက်နေ့ ဖြစ်ကြောင်းဖေါ်ပြထားပါသည်။ )

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။