Sunday 25 March 2012

မြန်မာ့သမိုင်း တဆစ်ချိုးမှာ ရွေးကောက်ပွဲ ကော်မရှင်လည်း အရေးပါ

မြန်မာ့သမိုင်း တဆစ်ချိုးမှာ ရွေးကောက်ပွဲ ကော်မရှင်လည်း အရေးပါ

“ NLD ထားဝယ်ခရိုင်၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က တင်ပြခဲ့တဲ့အတွက် ကော်မရှင်က ပြန်လည် စိစစ်ပေးတဲ့အခါ လူပေါင်း ၅၀၀၀ ကျော် မဲပေးခွင့် ရသွားတယ်လို့ သိရ..... ” ( ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ အရေးယူပေးဖို့ NLD တောင်းဆို 2012-03-23 RFA မြန်မာ)

အခုဆိုရင် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ တပါတ်သာ လိုပါတော့တယ်။ မဲဆန္ဒနယ်မြေတွေမှာ မဲပေးနိုင်သူစာရင်းတွေ အကြီးအကျယ် လွဲမှားနေတာကို ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်စိစစ်ပေးလို့ မဲပေးခွင့် ပြန်လည်ရရှိတဲ့သတင်းကို ပထမဦးဆုံး ကြားမိပါတယ်။ လှိုက်လှဲစွာ ချီးကျူးလိုက်ပါတယ်။

မဲဆန္ဒနယ်မြေတိုင်းမှာ အချိန်မီ အခုလို ပြန်လည်စိစစ်ပေးတာမျိုး ဖြစ်စေချင်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဘာကိစ္စမဆို မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်။ ဒါမှလည်း တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကောင်းနဲ့ သမိုင်းတွင်မယ့် ကြားဖြတ် ရွေးကောက်ပွဲလည်း ဖြစ်လာပါလိမ့်မယ်။

လူတယောက်အနေနဲ့ နေ့စဉ်ဘဝမှာ ပုံမှန် လုပ်သင့်တာကို မလုပ်ဘဲ နေလိုက်ရုံနဲ့ တခါတလေမှာ မဆိုစလောက် အဆိုးအကောင်း တခုခု ဖြစ်စေတတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အဆိုး-အကောင်း ပြောင်းလဲတာဟာ အကြီးအကျယ် ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံ့အရေးအရာနဲ့ ပတ်သက်လာတဲ့ ရွေးကောက်ပွဲ ဆိုရင်လည်း ဒီသဘောအတိုင်း ရှိနေတတ်ပါတယ်။

အသဲကြားက မဲတပြားလို့ ခေါ်ကြပါတယ်။ မဲပေး မမှားဖို့ အရေးကြီးတာကို သတိပေးနေတာလို့ အများအားဖြင့် ယူဆကြတာပါ။ မဲတမဲကြောင့် ရွေးကောက်ပွဲ အနိုင်အရှုံးစာရင်း ပြောင်းလဲသွားတာနဲ့ တိုင်းပြည်ရဲ့ ကံကြမ္မာ တခုလုံးကိုတောင် ပြောင်းလဲစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

မဲပေးပြီး ရွေးချယ် တင်မြှောက်ခံရသူတဦးဟာ ဥပဒေပြု လွှတ်တော်အမတ် ဖြစ်လာပါတယ်။ သူဟာ တိုင်းပြည်ရဲ့ ကံကြမ္မာ အကောင်းအဆိုးကို တရားဝင် ဖန်တီးမယ့်သူတွေထဲကတဦး ဖြစ်လာပါတယ်။ ဥပဒေပြု လွှတ်တော်အမတ်တွေဟာ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင် ဘက်တွေမှာလည်း အလျဉ်းသင့်သလို လူထုအကျိုးအတွက် ပါဝင်ထမ်းဆောင်ပေးရပါတယ်။ ဥပမာ- နိုင်ငံသမ္မတ၊ ပြည်နယ် (သို့) တိုင်းဒေသကြီး ဝန်ကြီးချုပ် ရာထူးကို လက်ခံရခြင်းမျိုး ဖြစ်ပါတယ်။ ဒီလိုရာထူးမျိုးတွေကလည်း တိုင်းပြည်ရဲ့ ကံကြမ္မာ အဆိုးအကောင်းကို ဖန်တီးနိုင်ပါတယ်။

ဥပဒေပြု လွှတ်တော်ထဲမှာ လူထုကို အမှန်တကယ် ကိုယ်စားပြုလိုစိတ် မရှိဘဲ ကိုယ်ကျိုးစီးပွားကိုသာ ဖန်တီးပေးနိုင်သူတွေ များပြားနေရင် ကံကြမ္မာဆိုးတွေဟာ ပြည်သူတွေအပေါ် ကျရောက်လာမှာ ဖြစ်ပါတယ်။ အချိုးအကွေ့တခုဟာ ဘယ်လောက်ထိ တာသွားနိုင်သလဲ ဆိုတာ ရှင်းနေပါတယ်။

မဲပေးပိုင်ခွင့်တွေ မှန်မှန်ကန်ကန် ဖြစ်စေဖို့က အရေးပါတဲ့ အကြောင်းရင်းတွေထဲကတခု ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေက အရေးကြီးသလို မဲပေးမမှားဖို့လည်း အရေးကြီးပါတယ်။ မဲရုံတွေ၊ မဲပေးသူတွေ၊ မဲပေးတာတွေ လုံခြုံစေဖို့ကလည်း အရေးကြီးပါတယ်။ မဲရေတွက်တာတွေ မှန်ကန်စေဖို့၊ မဲစာရင်း အနိုင်အရှုံးကို အမှန်အတိုင်း ကြေညာဖို့တွေလည်း အရေးကြီးပါတယ်။

အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်ဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ တာဝန်ခံ ကျင်းပပေးရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ဟာ နိုင်ငံရေးပါတီတွေ၊ မဲပေးတဲ့ ပြည်သူတွေအပေါ်မှာ တာဝန်ရှိစေရုံသာမက ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်ရဲ့ လုပ်ဆောင်ချက်တွေ မှန်ကန်တိကျတဲ့အပေါ်မှာလည်း အများကြီး တာဝန်ရှိရှိ မူတည်နေပါတယ်။ သမိုင်းတွင်နိုင်လောက်တဲ့ နိုင်ငံ့တဆစ်ချိုး ကြားဖြတ်ရွေးကောက်ပွဲမှာ လူတဦးချင်းတိုင်းက ဂုဏ်သိက္ခာရှိရှိ မှန်မှန်ကန်ကန် ပါဝင်နိုင်ကြမှသာ ဖွံ့ဖြိုးတိုးတက်လာမယ့် ကောင်းကျိုးကို တနိုင်ငံလုံး ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

လွင်အောင်စိုး

၂၄-၃-၂ဝ၁၂

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။