Wednesday 9 May 2012

မလေးရှားသည် နိုင်ငံခြားသားအလုပ်သမားတို့ အလုပ်လုပ်ရန်လုံခြုံစိတ်ချရသလား….

မလေးရှားသည် နိုင်ငံခြားအလုပ်သမားအလွန်များသောနိုင်ငံဖြစ်ပါသည်။ အင်ဒိုနီးရှားတစ်ခုတည်းမှ အလုပ်သမား ၂ -သန်းနီးပါး မလေးရှားတွင်လုပ်ကိုင်နေကြပါသည်။ အများစုမှာ အိမ်ဖော်များဖြစ်ကြပြီး၊ ဒုတိယအများဆုံးမှာ စိုက်ပျိုးရေးတွင် လုပ်ကိုင်နေကြသည်။ စာရွက်စာတမ်းအထောက်အထားမရှိ၍ များစွာသောအလုပ်သမားတို့သည် ပြဿနာများစွာ ရင်ဆိုင်ကြရသည်။ မလေးအစိုးရ အတိုက်ခံလူ့အခွင့်အရေးလှုပ်ရှားသူ Tenaganita အမှုဆောင်ဒါရိုက်တာ Irene Fernandez သည် မတရားနှိပ်စက်ခံရသည့် အင်ဒိုနီးရှားအိမ်ဖော်များအတွက် ဥပဒေရေးရာကူညီမှုများရနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးနေပါသည်။ Jakata Post မှ Ridwan Max Sijabat က ကွာလာလမ်ပူရှိ သူမရုံးခန်းသို့ လာ၍ သူမနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

အမေး = Ridwan Max Sijabat (Jakata)

အဖြေ = Irene Fernandez (Tenaganita)

Irene Fernandez

အင်တာဗျူးကောက်နုတ်ချက်

အမေး။  ။ မလေးရှားသည် အင်ဒိုနီးရှားရွှေ့ပြောင်းအလုပ်သမားများအတွက် လုံခြုံသောနိုင်ငံတစ်ခုဟု ဆိုနိုင်ပါသလား။

အဖြေ။   ။ လုံးဝ မလုံခြုံပါ။


အမေး။  ။ ဘာကြောင့်လဲ ဆိုတာ ဖြေပေးပါ။

အဖြေ။   ။ မလေးရှားသည် အလုပ်သမားများကို ကာကွယ်စောင့်ရှောက်ပေးနိုင်သော ဥပဒေသတ်သတ်မှတ်မှတ်မရှိပါ။ ပို၍ဆိုးသည်မှာ မလေးရှားအစိုးရသည် အိမ်ဖော်များနှင့် စိုက်ပျိုးရေးအလုပ်သမားများကို အဆင့်အတန်းခွဲခြားပြီး၊ မကြာသေးခင်က မလေးရှားအစိုးရ၏ အလုပ်သမားတို့အတွက်အနည်းဆုံးလစာသတ်မှတ်ရေးအစီအစဉ်တွင် အိမ်ဖော်များနှင့် စိုက်ပျိုးရေးအလုပ်သမားများ မပါဝင်ခဲ့ပါ။ မလေးရှားတွင် နိုင်ငံခြားသားအလုပ်သမားများစွာတို့သည် ရုပ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုခံရခြင်း၊ အကြမ်းဖက်ခံရခြင်း၊ မုဒိန်းကျင့်ခံရခြင်းနှင့် အခြားသောမတရားမှုများစွာကို ခံနေရပါသည်။ လူမှုကူညီမှု အဖွဲ့စည်းများတွင် အလုပ်သမားများစွာတို့၏ အမှုများစုပုံနေပါသည်။ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွင် မလေးရှားသည် အလွန်အဆင့်ခွဲခြားထား သဖြင့်၊ နိုင်ငံခြားသားအလုပ်သမားတို့အနေနှင့် ဆေးဝါးကုသမှုရရန် မလွယ်ကူပေ။ စရိတ်စက လွန်စွာကြီးလှသည်။ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများစွာ ကျန်းမာရေးကုသခွင့် မရသလောက်နည်းပါသည်။
များစွာသော အလုပ်သမားများမှာ အလုပ်ရှင်နှင့် အေးဂျင့်တို့မှ ပတ်(စ)ပို့နှင့် စာရွက်စာတမ်းများသိမ်းဆည်း ထားခြင်းကြောင့်၊ မလေးရှားရဲများ၊ လ၀ကများ၏ ဒုက္ခပေးခြင်းကိုခံကြရသည်။ အင်ဒိုနီးရှားအစိုးရအနေဖြင့် မိမိနိုင်ငံသားတို့ကို မလေးရှားနိုင်ငံသို့ရွှေ့ပြောင်းအလုပ်သမားအဖြစ် နောက်ထပ်မပို့ဆောင်သင့်ကြောင်း အကြံပြုလိုပါသည်။ မလေးရှားအစိုးရအနေနှင့် နိုင်ငံခြားအလုပ်သမားများအတွက် အခွင့်အရေးများ၊ ဥပဒေများကို ချမှတ်အလေးထားလာသည် အချိန်မှသာ စဉ်းစားသင့်သည်။


အမေး။  ။ မကြာသေးခင်က အင်ဒိုနီးရှားအလုပ်သမားသုံးဦး မလေးရှားနိုင်ငံ၊ Negri Sembilan ပြည်နယ်တွင် ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ မည်သို့ထင်မြင်ချက်ပေးလိုသနည်း။

အဖြေ။   ။ မလေးရှားရဲများအနေနှင့် ထိုသို့ပစ်သတ်ခွင့်မရှိပါ။ အကယ်၍ ရာဇ၀တ်ကောင်များဖြစ်နေလျှင်လည်း ပစ်သတ်ခွင့်မရှိပါ။ ကျမတို့ရရှိတာတဲ့ ခိုင်လုံ့သေချာတဲ့အစီအရင်ခံစာအရ ပစ်သတ်ခံရသူအင်ဒိုနီးရှားအလုပ်သမား သုံးဦးစလုံးမှာ ရာဇ၀တ်မှုကျူးလွန်ထားသူများမဟုတ်သည့် အပြင်၊ ထောင်ပြေးများလည်း မဟုတ်ပါ။ မည်သည့် ပြစ်မှုမှ မကျူးလွန်ခဲ့ကြကြောင်း အထောက်အထားအခိုင်အလုံရှိပါသည်။  ရဲဘက်နှင့် အစိုးရဘက်မှ သေဆုံးသူများသည် ပြစ်မှုများကျူးလွန်သည်ဆိုသော အထောက်အထားများ အမြန်ဆုံးတင်ပြရမည်။ သေသူများသည် မလေးရှားတွင် သူတို့ကိုယ်အင်္ဂါအစိတ်ပိုင်းများ ထုတ်ယူခံခဲ့ရပြီး၊ လူအင်္ဂါအစိတ်အပိုင်းများတရားမ၀င်ကုန်ကူးခြင်းခံခဲ့ရ၍၊ တရားဥပဒေသည် ယင်းအချက်ကို သေချာစွာစစ်ဆေးအကဲဖြတ်ရမည်။


အမေး။  ။ ဤအမှုကို မည်သို့စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်သနည်း။

အဖြေ။    ။စုံစမ်းစစ်ဆေးမှုကို နှစ်နိုင်ငံလုံးမှ ကျွမ်းကျင်သောမှုခင်းပညာရှင်များဖြင့် ဆောင်ရွက်သင့်သည်။ အမှုကိုကျူးလွန်သော ရဲဘက်ဆိုင်ရာကိုမူ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင်မပါဝင်စေသင့်ပါ။ တစ်ချိန်တည်းမှာပင် ပစ်သတ်သောရဲများနှင့် အဖွဲ့ကို လည်းတရားရုံးတင်စစ်ဆေးရမည်။ ထိုသူတို့သည် သူတို့ပစ်သတ်သောသူများ အပြစ်ရှိကြောင်းခိုင်လုံသော အထောက်အထားသက်သေတို့ကို ချပြနိုင်ရမည်။


အမေး။  ။ မလေးရှားတွင်အလွန်ကြောက်မက်ဖွယ်ကောင်းသည့်လူမဆန်သည့်လုပ်ရပ်ဖြစ်သော လူတို့ကိုသတ်ဖြတ်၍ ကိုယ်အင်္ဂါအစိတ်အပိုင်းများထုတ်ယူ ရောင်းဝယ်သည့် မှောင်ခိုမှုကို မည်သို့ပြောလိုပါသနည်း။

အဖြေ။   ။အင်ဒိုနီးရှားရဲဘက်ဆိုင်ရာမှုခင်းရေးရာမှ စစ်ဆေးချက်အရ သေသူများတွင် အချို့သောကိုယ်တွင်းအင်္ဂါများမှာ ဖယ်ထုတ်ထားခြင်းခံခဲ့ရကြောင်း ထင်ရှားသောကြောင့်၊ သူတို့သည်လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းများတရားမ၀င် ရောင်းဝယ်ခြင်း၏ သားကောင်များဖြစ်ခဲ့ကြသည်။ လွန်ခဲ့သော ၃ - နှစ်မှစ၍ မလေးရှားနိုင်ငံတွင် ကလေးရောင်းဝယ်ခြင်း မှောင်ခိုလုပ်ငန်း၊ တရားမ၀င်လုပ်သားကုန်ကူးခြင်း တို့သည်အလွန့်အလွန် များပြားလာခဲ့သည်။ Sarawak ပြည်နယ်တွင်မလေးနိုင်ငံသား လူဆိုးဂိုဏ်းများသည် နိုင်ငံခြားသူ အလုပ်သမားမိန်းခလေးများစွာကို ဖမ်းဆီး၍ လူကုန်ကူးခဲ့ကြသည်။ မိန်းခလေးများတို့သည် မုဒိန်းကျင့်ခံရပြီး၊ ကိုယ်ဝန်ဆောင်ကြရသည်။ ကလေးမွေးလာလျှင်ကလေးများကို စင်ကာပူနိုင်ငံသို့ ရောင်းကြသည်။ ကလေးတစ်ယောက်လျှင် အမေရိကန်ဒေါ်လာ ၂၄ ၀၀၀ (မလေးရှားရင်းဂစ် - ၇၂ ၀၀၀) လူဆိုးဂိုဏ်းများမှ ရကြသည်။ (ထိုသို့အလွန်ကြောက်စရာကောင်းသော လူအခွင့်အရေးဖောက်ဖျက်မှု၊ လူမဆန်သောလုပ်ရပ်များကို တိုက်ဖျက်ရန် လူ့အခွင့်အရေးတို့မှ တောင်းဆိုနေသော်လည်း မလေးရှားအစိုးရသည် အရေးမထားပါ)


အမေး။  ။ မကြာသေးမီက မလေးရှားနှင့် အင်ဒိုနီးရှားအစိုးရတို့က အလုပ်သမားစေလွှတ်ရေးဆိုင်ရာ သဘောတူညီချက်များကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ခြင်း အပေါ်မည်သို့ထင်မြင်သနည်း။

အဖြေ။   ။ အင်ဒိုနီးရှားနိုင်ငံမှ စေလွှတ်မည့် အလုပ်သမားများသည် (အထူးသဖြင့် - အိမ်ဖော်များနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးသူများ) မှာယခင်ကဲ့သို့ဆိုးကျိုးများသာ ရှိလာပါမည်။ အဘယ်ကြောင့်ဆိုသော် ဆွေးနွေးမှုတွင်ထိုအလုပ်အကိုင်အမျိုးအစားများ၊ ဥပဒေဆိုင်ရာနှင့် အခွင့်အရေးများကို မလေးရှားဘက်မှ လိုက်လျောမှုလွန်စွာနည်းနေသည်။ အလုပ်သမားတို့၏ အထောက်အထားစာရွက်စာတမ်းကို အလုပ်ရှင်နှင့် အေးဂျင်တို့မှ ဆက်လက်သိမ်းဆည်းနိုင်ခွင့်ရသည့် အတွက်ယခင်ကဲ့သို့ ဆိုးကျိုးများသာဖြစ်လာပါမည်။ အနည်းဆုံးလုပ်ခလစာသတ်မှတ်ချက်တွင် နောက်ထပ်ခေါ်ယူမည့် အလုပ်သမားတို့နှင့်မသက်ဆိုင်ပါ။
ကျမအနေနှင့်အင်ဒိုနီးရှားအစိုးရ၏မလေးရှားသို့အလုပ်သမားများ ပေးပို့ရေးကို ညှိနှိုင်းသဘော တူညီမှု များပြီးဆုံးချိန်ထိရပ်ဆိုင်းထားမည်ဟူသော ဆုံးဖြတ်ချက်ကို အားပေးထောက်ခံပါသည်။

Ref: Asia News Network
       The Star

နွားကျောင်းသား

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။