Monday 14 May 2012

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ ရှစ်လေးလုံးကာလ လှုပ်ရှားမှု

“၂၀၀၇ သံဃအရေး အခင်းကာလ နစ်နာခဲ့သူတွေ လွှတ်တော်ကို တင်ပြတိုင်ကြားနိုင်တယ်”ဆိုတဲ့ ဂျာမနီ ရောက်  ပြည်သူ လွှတ်တော်အမတ် ဒေါက်တာအေးမောင်ရဲ့ စကားကြောင့် အမှုဆိုတာ မဆွေးဘူးဆိုတဲ့ ဆိုရိုးစကားကို ပြန်လည်သတိရမိတယ်။

ရွှေဝါရောင် သံဃလှုပ်ရှားမှုကာလအတွင်းမှာ အမှန်တကယ်ပဲ နစ်နာသူတွေရှိခဲ့မှာပါ၊ အဲဒီသူတွေက  တိုင်တန်း လာခဲ့လို့ သက်သေခိုင်လုံရင်တော့ လွှတ်တော်အနေနဲ့  ဖော်ထုတ်ပြောဆိုရတော့မယ်၊ စစ်ဆေးအရေး ယူရ တော့မယ်၊ ဒါဆို အစိုးရသစ်နဲ့ စစ်တပ် ၂၅ ရာခိုင်နှုန်းလွှမ်းမိုးထားတဲ့ လွှတ်တော်နှစ်ရပ်က ဘယ်လို ကိုင်တွယ် ဖြေရှင်းပေး မယ်ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။

ဘာပဲဖြစ်ဖြစ် ဒေါက်တာအေးမောင်ရဲ့ ပြောကြားချက်ကို ကြိုဆိုရမှာပါ။ ဒါပေမယ့် မေးစရာရှိတာကတော့ ၁၉၈၈ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ရှစ်လုံးလေး အရေးတော်ပုံကြီးအတွင်းက အဖမ်းအဆီးခံခဲ့ရသူ၊ ဘ၀ပျက်ခဲ့သူ၊ အသတ်ခံခဲ့ရသူတွေ အတွက်ရော ဘယ်လိုအရေးယူပေးမလဲဆိုတာပါပဲ။

ရှစ်လေးလုံး အရေး တော်ပုံကို နိမ်နှင်းရာမှာ ကိုယ် တိုင်ကိုယ်ကျ ပစ်ခတ်ဖို့ အမိန့်ပေးသူတချို့ကို အခုလက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရသစ်ထဲမှာ တွေ့မြင်နေရခြင်းဟာ အဆိုးရွားဆုံးအချက်တခုဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အမေရိကန်သံရုံးအနီးဆန္ဒပြသူတွေကို ရက်ရက်စက်စက် ပစ်ခတ်မှုကို အမိန်ပေးခဲ့တဲ့ ဗိုလ်မှူးကျော်ဆန်းဆိုရင် လက်ရှိအချိန်မှာတော့ ပြန်ကြား ရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန နှစ်ဌာန ကို ကိုင်တွယ်နေရတဲ့ ၀န်ကြီးတပါးတောင်ဖြစ်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန် သံရုံးအနီး ပစ်ခတ်မှုကိုလူတော်တော်များများ မှတ်မိကြမယ် ထင်ပါတယ်။

၁၈ ရက်နေ့ညက အာဏာသိမ်း စစ်တပ်ရဲ့ မဲမဲမြင်ရာပစ်ခတ်ထားတဲ့ အရှိန်၊ သဲသဲမဲမဲရွာနေတဲ့မိုးရယ်ကြောင့်
ဆူးလေ၊ ဗိုလ်ချုပ်လမ်း၊ အနော်ရ ထာ၊ မဟာဗန္ဓုလ စတဲ့ လမ်းတွေပေါ်မှာ လူသူကင်းမဲ့နေပြီး တခါတရံ စစ်သားတွေကို တင်ဆောင်ထားတဲ့ သစ်ကိုင်းသစ်ခက်ဖုံး အမှိုက်ကားတချို့သာ သွားသွားလာလာရှိပါတယ်။


လမ်းဖြတ်တွေဖြစ်တဲ့ ဘားလမ်း၊ ရွှေဘုံသာကအစ ကမ်းနားကီလီအထိ လမ်းတိုင်းဟာ ကင်းလှည့် နေတဲ့စစ် ကားတွေ၊ သံချပ်ကာကားတွေ မ၀င်နိုင်အောင် ၀ါးကပ်၊ သဲအိတ်၊ ကွန်ကရစ်တိုင်တွေအပြင် သစ်ပင်ကြီး တွေကိုပါ ခုတ်လှဲကာ ပိတ်ဆို့ထားပါတယ်။

လူငါးယောက်ထက်မပိုရဆိုတဲ့ ၁၄၄ အမိန့် ထုတ်ထားတဲ့အတွက် မသွားမဖြစ်သွားနေသူ တချို့ဟာလမ်း ဘေး ပေါ်တီကို တိုင်လုံးတွေကို အကာအကွယ်ယူ၍တမျိုး၊ အပေါ်ထပ်လှေကားတွေပေါ် ပြေးတက်လိုက်နဲ့ တဖုံ အခြေအနေကို ကြည့် သွားလာနေကြပါတယ်။

ရန်ကုန်ဆိပ်ကမ်းကို ကပ်ဖို့ကြိုးစားနေတဲ့ လှေတွေ၊ သမ္မာန်တွေ၊ မော်တော်တွေ ကို ပစ်ခတ်နေတဲ့ မောင်းပြန် သေ နတ်သံတွေကိုလည်း တခါတရံ  ကြားနေ ရပါတယ်။ လမ်းတချို့မှာတော့ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့သူတွေ စုရုံးပြီး လှည့်လည်ဆန္ဒပြဖို့ လုပ်နေကြပါတယ်။

မနက် ၁၀နာရီလောက်မှာတော့ အထက်တန်းကျောင်းသား/သူများ ဦးဆောင်တဲ့ ဆန္ဒပြသူများဟာ ကြွေးကြော် သံများကို အော်ဟစ်ပြီး  ဗိုလ်ချုပ် အောင်ဆန်းဓာတ်ပုံက ကိုင်ကာ မဟာဗန္ဓုလ ပန်းခြံလမ်းအတိုင်း အမေရိ ကန် သံရုံးရှိရာကို ချီတက်ကြပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရုံးကို လူအုပ်ကြီး ကျော်သွားချိန်မှာတော့  ကုန်သည်လမ်း ပြည်ထောင် စုဘဏ်မှာ စခန်းချနေတဲ့ စစ်တပ်က မောင်းပြန်သေနတ်များနှင့် စတင်ပစ်ခတ်ရာ ရှေ့ဆုံးက ဗိုလ်ချုပ်ဓာတ်ပုံ ကိုကိုင်ဆောင်ချီတက်နေတဲ့ ကျောင်းသူလည်း နေရာတင်ခွေကနဲလဲသွားပါတော့။

အဲဒီနောက်မှာတော့ ကစဉ်ကလျား ပြေးလွှားနေတဲ့ ဆန္ဒပြသူတွေကို စစ်တပ်က မရပ်မနားတလစပ်ပစ်ခတ် ပါတဲ့ အတွက် ဒဏ်ရာရသူ သေဆုံးသူများပြားခဲ့တဲ့အတွက် ရှစ်လေးလုံးကာလ အမေရိကန်သံရုံးအနီး ဆန္ဒပြ သူများ ပစ်သတ်ခံရမှုဟာ သမိုင်းဝင်အဖြစ်အပျက်တခုဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ တာဝန်ကျသူ၊ ပစ်ခတ်မှုအတွက် တာဝန်ရှိသူကတော့ အဲဒီတုန်းက ဗိုလ်မှူးအဆင့်ရှိတဲ့ ကျော်ဆန်းပဲ ဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ၀န်ကြီး ဦးကျော်ဆန်း လက်ရှိအစိုးရအဖွဲထဲအထိ ၀န်ကြိးနှစ်နေရာကို ဆက်လက်ကိုင် တွယ်နေခြင်းမှာ အဆိုပါ ရက်ရက်စက်စက် ပစ်ခတ်မှုအတွက် ဆုလာဘ်လားဆိုတာ သမ္မတဦးသိန်းစိန်ကို မေး ခွန်းထုတ်စရာပါ။

သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ၁၉၆၂ခုနှစ် ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုဖျက်မှု၊ ၁၉၇၄ -၇၅-၇၆ ဦး သန့် ၊ မှိုင်းရာပြည့်၊ အလုပ်သမားစတဲ့ အရေးအခင်းတွေအပြင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ အတွင်း သတ်ဖြတ်မှုတွေမှာလည်း မည်သူတဦးတယောက်မှ တာဝန်ယူပြောဆိုခြင်းမရှိပါဘူး။

သမ္မတ ဦးသိန်းစိန် အစိုးရသစ်အနေနဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်ချင်တယ်၊ အတိတ်က အရိပ်ဆိုးကြီးတွေ ပျောက် ပျက်ပြီး၊သင်ပုန်းချေစေချင်တယ်ဆိုရင်တော့ နာမည်ပျက် ၀န်ကြီးတွေကို အစိုးရအဖွဲ့ထဲက ထုတ်ပယ်ပစ်သင့် တယ်လို့ အကြံပြုချင်ပါတယ်။

သန်းထွန်း






0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။