Thursday 22 March 2012

ရယ်စရာကောင်းသော ပြက်လုံးတစ်ခု

ယနေ့မြန်မာနိုင်ငံတွင် ရဟန်းရှင်လူ လူသူအကြားမှာ ခေတ်အစားဆုံးဝေါဟာရတစ်ခုကတော့ “နိုင်ငံရေး” ဆိုသောစကားပင် ဖြစ်ပါလိမ့်မည်။ မြန်မာ့နိုင်ငံရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တရားဝင်မကျတ ကျ နိုင်ငံရေးလုပ်ခွင့်ရသည်မှစ၍ အဆိုပါစကားက မြန်မာနိုင်ငံအနှံ့အပြားသို့ အလျင် အမြန်ပင် ပြန့်နှံ့၍ သွားသည်၊ ထို့ပြင် ထိုနိုင်ငံရေးဟူသော ဝေါဟာရသည် ရဟန်းတော်များကြားထဲ တွင်လည်း ဆွေးနွေးစရာဝေါ ဟာရအနေနှင့် မဟုတ်ဘဲ အငြင်းပွားစရာ ခေါင်းစဉ်တစ်ခုအဖြစ်ဖြင့် အရှိန်အဟုန်ပြင်းပြင်း ၀င်ရောက်၍ လာခဲ့ပေသည်။

အသံတွေကတော့ မျိုးစုံထွက်နေသည်၊ တစ်ချို့တစ်ချို့သော ရဟန်းတော်များက နိုင်ငံရေးနှင့် ဘုန်းကြီး မည်သို့မျှ မသက်ဆိုင်ဟု ဆိုသူလည်းရှိသည်၊ အချို့က ဘုရားပင် နိုင်ငံရေးလုပ်ကြောင်း အထောက်အထားနှင့်ပြ၍ ဘုန်းကြီးများ နိုင်ငံရေးလုပ်ခွင့်ရှိကြောင်း အခိုင်အမာဆိုကြပြန်သည်၊ သဘောထားဆိုသည်က လွတ်လပ်စွာ ကွဲလွှဲခွင့်ရှိသောအရာဖြစ်၍ ထိုကိစ္စအပေါ် သဘောထား အမျိုးမျိုး ကွဲလွှဲ၍ ရပ်တည်မှုအမျိုးမျိုး ဖြစ်နေကြခြင်းကို မဝေဘန်လိုပေ၊ ထိုသို့ မိမိနှင့်ရပ်တည်ချက် မတူရုံမျှဖြင့် သူတစ်ပါး၏ရပ်တည်ချက်ကို ပုတ်ခတ်ခြင်းကိုကား လက်ခံရန် မဖြစ်နိုင်ပေ၊

ညနေက အင်တာနက်တွင် ဆောင်းပါးလေးတစ်ပုဒ်ကို ဖတ်လိုက်ရသည်၊ ရေးသည့်သူက ရဟန်းတော်တစ်ပါးဖြစ်ပြီး ဆောင်းပါးနာမည်က “ဘုန်းကြီးနှင့်နိုင်ငံရေး” ဟူ၍ ဖြစ်သည်၊ ထိုဆောင်းပါးတွင် ဘုန်းကြီးများ ပါတီနိုင်ငံရေး မလုပ်သင့်ဘဲ အမျိုးသားနိုင်ငံရေးသာ လုပ်သင့်ကြောင်း စကားနှစ်ခွပြောထားသော်လည်း အနှစ်ချုပ်ရလျှင် ဘုန်းကြီးများ နိုင်ငံရေးမလုပ်သင့် ကြောင်းကို အထောက်အထားတစ်လွှဲတစ်ချော်နှင့် တင်ပြထားသော ဆောင်းပါးပင် ဖြစ်သည်၊ ဆောင်းပါး၏ အောက် တွင်တော့ ဆောင်းပါးရှင်ကို ထောက်ခံသည့် ကွန်မန့်တွေရော ၀ိုင်း၍ ဆွမ်းကြီး လောင်းသည့် ကွန်မန့်တွေပါ အများအပြား တွေ့ရသည်၊ သို့သော် ဆွမ်းတော်ကြီးလောင်းသည့် ကွန်မန့်များက ခပ်များများဖြစ်ပြီး အတော်ပင် ဝေဘန်ထားသည်ကို တွေ့ရသည်၊ ထိုက်လည်း ထိုက်တန်လှပါသည်၊ ဆောင်းပါးအစတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စကားနှင့် အစချီထား၍ အကြောင်းမသိလျှင် အထင်ကြီးစရာဖြစ်သော်လည်း ဘုန်းကြီးများနိုင်ငံရေး မလုပ်သင့်ကြောင်း အထောက်အထားပြရာတွင် “ထေရ၀ါဒ နိုင်ငံများဖြစ်သော သီရိလင်္ကာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် နိုင်ငံရေးကိစ္စများ၌ သံဃာတော်များမှ ၀င်ရောက်စွက်ဖက်ခြင်း ရှိသည် မဟုတ်ပေ။ ထို့အတူ မြန်မာပြည်တွင်နေထိုင်ကြကုန်သောထေရ၀ါဒ ဗုဒ္ဓဘာသာရဟန်းတော်များအနေနှင့်ကော ထို့နိုင်ငံများ ကဲ့သို့သာ ဖြစ်သင့်လှပေ၏။” ဟူသတတ်၊

ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်သော သီရိလင်္ကာ(သီဟိုဠ်)နိုင်ငံ၏ ပါလီမန်လွှတ်တော်တွင် ရဟန်းတော် ပါလီမန်အမတ်များ ရှိနေခြင်းကို မသိဟု ဆိုကတည်းက ဆောင်းပါးရှင်၏ အနေအထားကို ကောင်းစွာ အကဲဖြတ်၍ ရသွားသည်၊ ကွန်မန့်ပေးသည့်သူက ထိုအချက်ကို ထောက်ပြသော အခါမှ နောက်ပိုင်းတွင် ပြန် လည်ပြင်ဆင်သွားလေသည်၊ အင်တာနက်တွင် ဆောင်းပါးတင်သည် ဆိုကတည်းက အများအားဖြင့် မိမိ၏ အယူအဆကို အများအား တင်ပြခြင်း သို့မဟုတ် အသိပညာပေးခြင်း နှစ်ခုတွင် တစ်ခုခုသာ ဖြစ်လေ့ရှိသည်၊ ထို့ကြောင့် မိမိတင်ပြသည့် အကြောင်းအရာ မတိကျလျှင် မတိကျသည့်ရေးဟန်ဖြင့် တင်ပြရပြီး တိကျမှသာ တိတိကျကျ ဖော်ပြရခြင်း ဖြစ်သည်၊ ယခုလိုမျိုး မှားသွား၍ အမှန်ပြင်ဆင်လျှင်လည်း ပြင်ဆင်သည့်အကြောင်း၊ မှားသွားသည့်အကြောင်း စာဖတ်သူများကို လေးစားသောအားဖြင့် ပြန်လည်တောင်းပန်သင့်သည်၊ ယခုမူ ထိုသို့မဟုတ် မြန်မာနိုင်ငံအကြောင်းသာမက အခြားထေရ၀ါဒ(သီရိလင်္ကာ၊ ထိုင်း) နိုင်ငံများ၏ ဘာ သာရေး၊ နိုင်ငံရေးကိုပါ ထဲထဲဝင်ဝင် လေ့လာထားသယောင် ပညာရှင်ဒီဇိုင်းဖမ်းပြီး အထောက် အထား တိတိကျကျကြီးပြပြီှး သူတစ်ပါးအမှားထောက်ပြသောအခါမှ အမှားပြင်ကာ ခပ်တည်တည် နေသည်ဆိုက တည်းက ဆောင်းပါးရှင်၏ အနေအထားကို အားလုံးမှန်းဆ၍ ရနိုင်ပါပြီ။

ထို့ပြင် ဆောင်းပါးရှင်က သူသည် ပါတီနိုင်ငံရေးကို လက်မခံသော်လည်း အမျိုးသားနိုင်ငံရေးကိုကား လုံးဝလက်ခံသည်ဟု ဆိုထားပါသေးသည်၊ ထိုစကားဖြင့် မည်သည့်အရာများကို ကန့်ချင်သည် ဆိုသည်ကိုကား မပြောတတ်၊ ဘုန်းကြီးများ နိုင်ငံရေးလုပ်လျှင်လည်း ပါတီစွဲမရှိစေချင်ကြောင်း ပြသလိုသည့် သဘော လည်း ဖြစ်နိုင်သည်၊ ရည်ရွယ်ချက်ကောင်းသယောင် ရှိသော်လည်း လက်ရှိအနေအထားအရ မည်သို့မျှ လက်ခံ၍ မရသောစကားဖြစ်သည်၊ ဆောင်းပါးရှင်ဆိုလိုသော အမျိုးသားနိုင်ငံရေးသည် မည်သည့်အရာများကို ဆိုလိုပါသနည်း၊ ပါတီနိုင်ငံရေးကရော..။ ကျွန်ုပ်သိရသလောက် မည်သည့်ရဟန်းတော်ကမျှ ပါတီထောင်၍ နိုင်ငံရေးလုပ်နေသည်ကို မကြားခဲ့စဖူး..။ အမျိုးသားနိုင်ငံရေးဆိုသည်ကလည်း ပါတီနိုင်ငံရေးနှင့် ခွဲခြား၍ မဖြစ်နိုင်ပေ။ ပါတီနိုင်ငံရေးစနစ်ရှိသောနိုင်ငံတိုင်း အမျိုးသားရေးကို ပါတီခေါင်းဆောင် တစ်ဖြစ်လည်း အမျိုးသား ခေါင်းဆောင်များက ဦးဆောင်ကြခြင်း ဖြစ်သည်၊ တရုတ်တို့လို မြောက်ကိုရီးယားတို့လို အာ ဏာရှင် နိုင်ငံများသည်ပင် ပါတီနိုင်ငံရေးစနစ်ရှိနေသည်ကို သတိပြုသင့်သည်၊ သို့သော် တစ်ပါတီ တည်းကပဲ အာဏာရနေခြင်းဖြစ်၍ စကားထဲထည့်ပြော နေစရာမလိုပါ။ သိထားစေ ရန်သာ ရေးရခြင်းဖြစ်သည်၊ စင်စစ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ရဟန်းတော်များက အားပေးနေခြင်းသည် ပါတီစွဲ၍ အားပေးနေခြင်းမျိုး မဟုတ်ဘဲ မြန်မာ့အမျိုးသားရေးကိုဦးဆောင်မည့် အမျိုးသားခေါင်းဆောင် တစ်ဦးအနေဖြင့် အားပေးထောက်ခံနေကြခြင်းဆိုသည်ကို ထိုအရှင် မသိလေသလော့..။ NLD-ဆိုသည်က ကျွဲကူးရေပါသဘောမျိုးဖြင့် လိုက်ပါလာခြင်းသာ ဖြစ်သည်၊ ယခင် ပြည်သူလူထုက ဗိုလ်ချုပ်အောင်ဆန်းကို အားပေးထောက်ခံသလိုမျိုး ယခု ဒေါ်အောင်ဆန်းစုကြည်ကို အားပေးကြခြင်း ဖြစ်သည်။ အမျိုး သားခေါင်းဆောင်ကို အားပေးခြင်းသည် အမျိုးသားနိုင်ငံရေး မဟုတ်လျှင် မည်ကဲ့သို့သောနိုင်ငံရေးနည်း..။ ရှင်းလင်းစေလိုသည်။

နောက်တစ်ချက်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်လာသောကိစ္စများတွင်တော့ ရဟန်းတော်များက ဒကာ၊ဒကာမများကို ဦးဆောင်လမ်းညွှန်တာမျိုးတော့ လုပ်သင့်သည်ဟုလည်း ဆိုလိုက်ပြန်ပါသေးသည်၊ ပါတီနိုင်ငံရေးကိုတော့ မလုပ်သင့်..မစွက်ဖက်သင့်ပါတဲ့..။ စာရေးလျှင် ရှင်းရှင်းလင်းလင်း ရေးသင့်၏။ ရပ်တည်ချက်ပြတ်သားမှ ဤကဲ့သို့သော စာမျိုးကို ရေးသင့်၏။ ယခုကဲ့သို့ တော မရောက် တောင် မရောက်စာမျိုးကို မရေးသင့်ပေ။ ယခု စာရေးသည်မှာ ယောင်နေသည်သာ များသည်၊ ယခု မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသောကိစ္စကို ဆောင်ပါးရှင်က ရပ်ကွက်တစ်ခု တည်း တွင် ဖြစ်ပွားနေ သည့်ကိစ္စကဲ့သို့ ရှုမြင်ဟန် တူသည်၊ ထို့ကြောင့် ရှင်းပြပါမည်။ ယခု မြန်မာနိုင်ငံ တွင် ဖြစ်ပွားနေ သည့်ကိစ္စသည် ဆောင်းပါးရှင်နေထိုင်သည့် မုံရွာဒေသတစ်ဝိုက် တွင်မကဘဲ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် ကိစ္စဖြစ်သောကြောင့် ရဟန်းတော်များ ၀င်ပါနေရကြောင်းပါ..။

ထို့ပြင် ထိုဆောင်းပါးတွင် ဒကာ၊ဒကာမများက သံဃာတော်များကို ကြည်ညိုခြင်းသည် သံဃာ့ဂုဏ်ကို ကြည်ညို၍သာ ကြည်ညိုခြင်းဖြစ်ပြီး ပါတီနိုင်ငံရေးလုပ်သောကြောင့် မဟုတ်ကြောင်းလည်း ဆိုလိုက်ပြန်သေး သည်။ နိုင်ငံရေးဆိုသည်ကို ဆောင်းပါးရှင်က ဘယ်လိုနားလည်ထားသည် မပြောတတ်ပေ ။ နိုင်ငံရေးဆိုသော ဝေါဟာရ၏အောက်တွင် မည်သည့်ခေါင်းစဉ်များ ရှိနေသည်ကိုလည်း သိပုံမရ..။ ဘာသာရေးသည်လည်း နိုင်ငံ၏အရေးကိစ္စတစ်ခုပင် မဟုတ်ပါလော့..။ နိုင်ငံတိုးတက်မှသာ ဘာသာရေး၊ စီးပွားရေး၊ ပညာရေးစသည်များလည်း တိုးတက်နိုင်သည်၊ နိုင်ငံတိုးတက်မှုမရှိဘဲ မည်သည့်အရာမျှ တိုးတက်မလာနိုင်ပေ၊ ဗုဒ္ဓဘာသာတွင် နိုင်ငံတစ်နိုင်ငံ တိုးတက်ကြောင်း၊ ဆုတ်ယုတ်ကြောင်း၊ မင်းကျင့်တရားများ၊ ခေါင်းဆောင်များ၏ ကျင့်ဝတ်များ၊ စီးပွားရှာသူများ စီးပွားတိုးတက်ကြောင်း၊ ဆုတ်ယုတ်ကြောင်း စသည်စသည်ဖြင့် ပြည့်ပြည့်စုံစုံရှိ နေသည်၊ ထိုဘာသာရေးထဲတွင် ပါဝင်သော အဆုံးအမများဖြင့် ဆုံးမသင့်သည်ကို ဆုံးမခြင်း၊ ဘာသာရေးအဆုံးအမနှင့်ညီလျှင် ထောက်ခံမှုပေးခြင်း၊ မညီလျှင် ပြုပြင်ပေးခြင်းများသည် ဘာသာ တရားကို အခြေခံထားသော မြန်မာနိုင်ငံတွင် ဘာသာရေးခေါင်း ဆောင် များဖြစ်သော ရဟန်းတော် များက ပြုလုပ်ရမည့်နိုင်ငံရေးပင် မဟုတ်ပါလော့..။

ယခု မြန်မာနိုင်ငံတွင်နေထိုင်သော ပြည်သူအများစုသည် ဘ၀ကို ခက်ခဲစွာ ရုန်းကန်နေရသော သူများ ဖြစ်သည်၊ သူတို့ လုပ်သလောက် သူတို့မှာ အကျိုးခံစားခွင့်မရှိ၊ သူတို့မှာ လွတ်လပ်မှုမရှိ၊ တောနေပြည်သူလူထုရော မြို့နေပြည်သူလူထုပါ တနည်းမဟုတ် တစ်နည်းမျိုးဖြင့် ဘ၀ကို ရုန်းကန်နေကြရသည်၊ မတောင့်မတ မကြောင့်မကြနေကြရသည်ဆိုသည့်သူက မြန်မာနိုင်ငံတွင်လက်တစ် ဆုပ်စာပင် မပြည့်တတ်။ စင်စစ် ထိုအရာများသည် မြန်မာနိုင်ငံလို သယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံမျိုးတွင် ကာလရှည်ဖြစ်နေရမည့် ပြဿနာမျိုး မဟုတ်။ နိုင်ငံကို ခေါင်းဆောင်ပုံ၊ စီမံခန့်ခွဲပုံ မှားယွင်း၍သာ ဤကဲ့သို့ ဖြစ်နေရခြင်းဖြစ်ကြောင်း တစ်ကမ္ဘာလုံးကပင် သိနေကြသည့်ကိစ္စ ဖြစ်သည်၊ ထိုအချက်များကို ရဟန်းတော်များက ထောက်ပြကြသည်၊ လမ်းမပေါ်ထွက်၍ ပြည်သူအများ၏ အခက်အခဲကို တင်ပြကြသည်၊ မိမိတို့အကျိုးအတွက် မဟုတ်၊ ရဟန်းတော်များကို လစာရိက္ခာတိုးပေးဘို့ တောင်းဆိုနေခြင်းမဟုတ်၊ ဘွဲ့တံဆိပ်အတွက် မဟုတ်..။ပြည်သူလူထု အကြတ်အတည်းကို ဖြေရှင်းပေးရန် တောင်းဆိုခြင်းသာ ဖြစ်သည်၊ ထိုသို့တောင်းဆိုခြင်း၊ အမှား ထောက်ြပခြင်းကြောင့် ထိုရဟန်းတော်များသည် အဖမ်ခံချင်လည်း ခံရနိုင်သည်၊ အနှိပ်စက် လည်း ခံရနိုင်သည်၊ အမျိုးမျိုး အနှောက်အယှက်ပေးခြင်းမျိုးနှင့်လည်း ကြုံတွေ့ရနိုင်သည်၊ ထိုအလုပ် မျိုးကို လုပ်ရခြင်းသည် အများအကျိုးအတွက် ရုပ်ပိုင်းဆိုင်ရာ အဆိုးမှန်သမျှကို မျှော်တွေး၍ လုပ်ရခြင်း ဖြစ်သည်၊ ထိုအန္တရာယ်များကြားမှ ပြည်သူများ၏ အခက်အခဲကို ကိုယ်ကျိုးစွန့်တင်ပြ တောင်း ဆိုခြင်းမျိုးကို “ဂုဏ်” ဟု မခေါ်လျှင် မည်ကဲ့သို့ အမည်တပ်မည်နည်း၊ ထိုကဲ့သို့သော ရဟန်းတော်များကို မကြည်ညိုနိုင် ဟုဆိုလျှင် ထိုဒကာ၊ ဒကာမများ၏ တာဝန်သာဖြစ်သည်၊ ထိုပြင် ထိုဒကာ၊ဒကာမ များသည်လည်း ဆောင်းပါးရှင်ကဲ့သို့ အယူတစ်ခုကို အချိန်ကာလအလိုက် လိုက်လျောညီထွေစွာ မကြည့်တတ်ဘဲ တရားသေဆုတ်ကိုင်ထားသည့်သူသာ ဖြစ်ပေလိမ့်မည်။ သို့သော် ထိုကဲ့သို့ ဒကာ၊ဒကာမမျိုးကို ခက်ခက်ခဲခဲ လိုက်ရှာရလိမ့်မည် ထင်၏။

ထို့ကြောင့် ဆင်တပ်၊ မြင်းတပ်ကို ဘုရားရှင် မကြည့်ခိုင်းရုံလောက်နှင့် ရဟန်းတော်များကို ဘုရားရှင်နိုင် ငံရေးမလုပ်ခိုင်းကြောင်း အထောက်အထားပြတော်မူသော ဆောင်းပါးရှင်သည် နောက်နောင် ယခုလို ညောင်ဦးကမ်းပါး ပြိုသည်နှင့် စမ္ပါနဂိုရ်က နွားမပေါင်ကျိုးရသော ဆောင်းပါးမျိုး မဖြစ်စေရန် စာများများဖတ်ဘို့သာ အကြုံပြုလိုက်ရပါသည်။

အရှင်ကုသလ(အင်းတော်)

၂၁-၃-၂၀၁၂

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။